မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများနေထိုင်သော ဘုန်းကြီးကျောင်း အပါအဝင် ကျေးရွာ ၃ ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း စဉ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် စဉ့်ကူးမြို့နယ်၌ စစ်ဘေးရှောင် ပြည်သူများနေထိုင်သော ဝါးရုံကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို မိတ္ထီလာလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင် ပြည်သူ ၅ ဦးသေဆုံးကာ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်ဒဏ်ရာရရှိသူများလည်း ပါဝင်ကြောင်း သိရှိရသည်။
ယင်းနေ့ ညနေ ၄ နာရီ ၃၀ မိနစ်ကျော်ကလည်း အကြမ်းဖက် စစ်တပ်ဟ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးသည် စဉ့်ကူးမြို့နယ် ၊ ပင်လယ်ကြီးရွာ ၊ လျှောက်ပင်ရိုးရွာ နှင့် ပျင်းပင်ရွာ တို့ကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင် ပြည်သူ ၂ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အဲ့ဘုန်ကြီးကျောင်းမှာက စစ်ဘေးရှောင်တွေနေထိုင်တာပေါ့။ ပြီးတော့ အဲ့နေ့က ဥပုသ်နေ့ဆိုတော့ ဘုန်းကြီးကျောင်းမှာ သီလပေးနေတဲ့ အချိန်မှာ လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတော့ အထိအခိုက်များသွားတာ အဲ့နေ့ ညက်နေပိုင်းမှာလည်း စစ်ခွေးတွေ ကျေးရွာ ၃ ရွာကို ဆက်တိုက်ကျဲသွားတာ” ဟု စဉ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ပြောဆိုသည်။
အလားတူ နိုဝင်ဘာလ ၇ ရက်နေ့နှင့် ၁၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော စဉ့်ကူးမြို့နယ်၊ မာလဲရွာစာသင်ကျောင်းနှင့် ရွှေပြည်ကျေးရွာ စာသင်ကျောင်း ကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၉ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








