31 C
Yangon

ကျားဖြန့်အဆောက်အအုံများကို ဖောက်ခွဲခြင်း၊ သက်သေခံ ကွန်ပျူတာနှင့် ဖုန်းများကို ဖျက်ဆီးခြင်းဖြင့် မင်းအောင်လှိုင်နှင့် စစ်တပ်က ဥပေဒ ချိုးဖောက်၊ ကျားဖြန့်လုပ်ငန်းများမှ စစ်ဗိုလ်ချုပ်များက အကျိုးအမြတ်ရရှိနေ၍ သက်သေခံပစ္စည်းများ ဖျောက်ဖျက်ဟုဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ကျားဖြန့်အဆောက်အအုံများကို ဖောက်ခွဲခြင်း၊ သက်သေခံ ကွန်ပျူတာနှင့် ဖုန်းများကို ဖျက်ဆီးခြင်းဖြင့် မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က ဥပဒေများကို ချိုးဖောက်နေကြောင်း ဉပဒေအထောက်ကူပြုကွန်ယက်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ရီရီမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ KK Park ၊ ရွှေကုက္ကိုလ် အပါအဝင် ကျားဖြန့်ဝင်းများမှ အဆောက်အအုံများကို စစ်တပ်က ဖောက်ခွဲခြင်း၊ သက် သေခံ ကွန်ပျူတာများနှင့် ဖုန်းများကို ဖျက်ဆီးခြင်းဖြင့် နိုင်ငံဖြတ်ကျော် ကျားဖြန့်ကွန်ရက်တစ်ခုလုံးကို နှိမ်နင်းရေး အလွန်အရေးကြီးသော သက်သေခံ ပစ္စည်းများကို ဖျောက်ဖျက်နေခြင်းဖြစ်ကြောင်း၊ မင်းအောင်လှိုင်က ကျားဖြန့် သက်သေခံ ပစ္စည်းများကို ဖျောက်ဖျက်ခြင်းဖြင့် ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုး၍ ထုတ်ပြန်ခဲ့သော ဉပဒေများကို ချိုးဖောက်နေကြောင်း၊ မင်းအောင်လှိုင်ကိုယ်တိုင် သက်သေခံပစ္စည်းများကို အဆောတလျင် ဖျက်ဆီးစေရန် ညွှန်ကြားခဲ့သည့်သဘောဖြစ်ကြောင်း၊ အမှန်တရားကို ပေါ်ပေါက်လိုသည့် ဆန္ဒ မရှိခြင်း၊ နောက်ကွယ်တွင် စစ်တပ်ခေါင်းဆောင်များ၊ BGF ခေါင်းဆောင်များ၏ အကျိုးအမြတ်များပါရှိနေခြင်း၊ အဂတိ လိုက်စားသည့် ကိစ္စများပါရှိခြင်း ကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

ကျားဖြန့် လုပ်ငန်းများအတွက် အီလက်ထရောနစ် သက်သေခံပစ္စည်းများဖြစ်သော ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းများသည် ရာဇဝတ်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သော အရေးကြီးပစ္စည်းများဖြစ်ကြောင်း၊ သက်သေခံပစ္စည်းများကို ဖော်ထုတ်ခြင်း၊ ရယူခြင်း၊ စီမံဆောက်ရွက်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အစီရင်ခံခြင်းတို့ကို ဆောင်ရွက်နိုင်ရန် အမျိုးသားဒီဂျစ်တယ်ဓါတ်ခွဲခန်း သို့ ပေးပို့ကာ ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် ရာဇဝတ်မှတ်တမ်းများကို ပြန်လည် စစ်ဆေးရမည်ဖြစ်ကြောင်း၊ တရားရုံးသို့ တရားစွဲဆိုတင်ပို့ ပြီးသက်သေခံချက်များ ရယူပြီး မှသာ တရားရုံး၏ ဆုံးဖြတ်ချက်အရ စီမံခန့်ခွဲရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့ကြောင့် အကြမ်းဖက်စစ်တပ်နှင့် ရဲတပ်ဖွဲ့များ၊ BGF တပ်ဖွဲ့များသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ အရေးကြီး သက်သေခံချက်များကို အမှန်တရားပေါ်ပေါက်ရေးနှင့် ၊ လိမ်လည်ခံရသူများ၏ နစ်နာမှု ကို မျက်ကွယ် ပြုကာမိမိတို့၏ အကျိုးစီးပွားကို ရှေ့ရှု၍ မင်းအောင်လှိုင် အကြမ်းဖက်၏ စေခိုင်းချက်များအရ သက်သေခံ ပစ္စည်း များကိုဖျောက် ဖျက် ဖျက်စီး ခဲ့ခြင်းမှာ သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းရေး နှင့် စီမံခန့်ခွဲရေးဉပဒေ ပုဒ်မ -၃၇၊ ၃၈ ကို ဖောက်ဖျက်ကျူးလွန်ရာရောက်ကြောင်း ဉပဒေအထောက်ကူပြုကွန်ယက်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ရီရီမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရာဇသတ်ကြီးဉပ‌ဒေပုဒ်မ – ၂၀၁ တွင် ပြစ်မှုကျူးလွန်ပြီးဖြစ်ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန် အကြောင်းရှိလျက်နှင့် ဖြစ်စေ၊ မည်သူမဆို၊ ပြစ်မှုကျူးလွန်သူအား ဉပဒေနှင့်အညီခံရမည့် ပြစ်ဒဏ်မှ ကာကွယ်ရန် အကြံဖြင့်၊ ထိုပြစ်မှုကျူးလွန်ခြင်းနှင့် စပ်လျဉ်းသော သက်သေခံ တခုခုကို ပျောက်ပျက်စေလျှင်၊ သို့တည်းမဟုတ် ထိုအကြံမျိုးဖြင့် ပင် ပြစ်မှုနှင့်စပ်လျဉ်း၍ မဟုတ်မမှန် မိမိသိသော၊ သို့တည်းမဟုတ် ယုံကြည်သော သတင်းကိုပေးလျှင် ထိုသူကို သေဒဏ်ချမှတ်ခြင်းခံထိုက်သော ပြစ်မှုဖြစ်ပါက ခုနှစ် နှစ်အထိထောင်ဒဏ် တမျိုးမျိုးချမှတ်ရမည့် အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ထို့ပြင် အဆိုပါပြစ်မှုသည် တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ခြင်းခံထိုက်သောပြစ်မှုဖြစ်ပါက သုံးနှစ်ထိ ထောင်ဒဏ် တမျိုးမျိုး အပြင် ငွေဒဏ်လည်းချမှတ်နိုင်။ ဆယ်နှစ်အောက်လျော့သည့် ပြစ်မှုဖြစ်ပါက ၊ ပြဌာန်းထားသော အများဆုံးကာလအပိုင်း အခြား၏ လေးပုံတပုံ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးချမှတ်ရမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၃ခုနှစ် ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဉပဒေ ပုဒ်မ ၅၈ တွင်လည်း ပြစ်မှုတရပ်ရပ်နှင့် သက်ဆိုင်သည့် ငွေကြေး နှင့် အစ္စည်းများအပေါ် အရေးယူဆောင်ရွက်ခြင်း မပြုနိုင်ရန်ဖုံးကွယ်ထားခြင်း၊ ဖျောက်ဖျက်ခြင်း၊ ပြောင်းလဲခြင်း၊ သို့မဟုတ် လွှဲပြောင်းခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

စစ်ဗိုလ်ချုပ်များနှင့် စစ်တပ်က သက်သေခံပစ္စည်းများကို စနစ်တကျထိန်းသိမ်းခြင်း မပြုစေဘဲ အဆောတလျင် ဖျက်စီးခြင်းမှာ မင်းအောင်လှိုင် ၏ စေခိုင်းချက်ကြောင့်ဖြစ်ကြောင့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို တစ်ကမ္ဘာလုံးက တိုက်ဖျက်၊ဖော်ထုတ်နေကြသည်ကို သိသိလျှက်နှင့် ပြစ်မှုကျူးလွန်သူများကို လက်ခံခွင့်ပြုထားခြင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော သက်သေခံပစ္စည်းများဖြစ်သော ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းများကို ဖျက်ဆီးခြင်း၊ အဆောက်အဦမျာကို ဖောက်ခွဲဖျက်ဆီးခြင်းများ မှာ ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သော သက်သေခံပစ္စည်းများ ကို ဉပဒေမဲ့ ဖျက်ဆီးပစ်ခြင်းမှာ အထက်တွင်ဖော်ပြထားခဲ့သော ပုဒ်မ များကို ကျူးလွန်ခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

သက်သေခံပစ္စည်း စီမံထိန်းသိမ်းမှုဆိုင်ရာဉပဒေ ညွှန်ကြားချက် အမှတ် -၄ / ၂၀၂၀ အရလည်း သက်သေခံပစ္စည်းများကို စနစ်တကျ စီမံထိန်းသိမ်းထားနိုင်ရန် လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများကို ဖော်ပြထားကြောင်း၊ ညွှန်ကြားချက် အပိုဒ် (၂) (က) တွင် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက သက်သေခံပစ္စည်းများသိမ်းဆည်းသည့်အချိန်၌ ယင်းပစ္စည်းတစ်ခုချင်းစီ၏ အရှေ့၊ အနောက်၊ ဘေးနှစ်ဘက်နှင့် (လိုအပ်ပါက) အပေါ်နှင့်အောက်၊ မော်တော်ယာဉ် သို့မဟုတ် ရေယာဉ်ဖြစ်ပါက အပြင်ဘက်နှင့် အတွင်းခန်း လေးဘက်လေးတန် နေရာများ၊ အဆောက်အဦဖြစ်ပါက ယင်းအဆောက်အဦ အပြင်ဘက်နှင့် အတွင်းဘက် အခန်း တစ်ခန်းချင်းစီ၏ လေးဘက်လေးတန်နေရာများသို့ ဓာတ်ပုံရိုက်၍ ရှာဖွေပုံစံ၌ လိုအပ်သော အချက်အလက်များ တိကျစွာဖြည့်စွက်၍ ယင်းဓာတ်ပုံများနှင့် ရှာဖွေပုံစံများကို သက်သေခံပစ္စည်း စီမံထိန်းသိမ်းမှု ဗဟိုကော်မတီသို့ ဖက် (စ်) ဖြင့်ဖြစ်စေ၊ အခြားအီလက်ထရောနစ်ပုံစံတစ်မျိုးဖြင့်ဖြစ်စေ ချက်ချင်း တိုက်ရိုက်ပေးပို့၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး / ပြည်နယ် သက်သေခံပစ္စည်း စီမံထိန်းသိမ်းမှုကော်မတီနှင့် ခရိုင်သက်သေခံပစ္စည်း စီမံထိန်းသိမ်းမှုကော်မတီများသို့ မိတ္တူပေးပို့ရမည် စသဖြင့် လုပ်ငန်းစဉ် (၅) ရပ်ကို အသေးစိတ်ဖော်ပြထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article