လူမှုကွန်ရက်တွင် သတင်းများကို ပုံစံဖျက်၍ နိုင်ငံရေးလမ်းကြောင်းမှားစေရန် စနစ်တကျလုပ်ဆောင်နေမှုများ ပြည်သူများ သတိထားသင့်
ရန်ကုန်၊ ဒီဇင်ဘာ ၄
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် တွေ့ဆုံ ဆွေးနွေးခြင်း လုံး၀ မရှိကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က NUG အနေဖြင့် နိုင်ငံရေး ဦး တည်ချက် ၆ ချက်ကို တရားဝင် ကြေညာထားပြီးသားဖြစ်ကြောင်း၊ အဆိုပါ အမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာဗျူဟာဦးတည်ချက် ၆ ချက်မှာ စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေးတွင်ပါဝင်နေခြင်းအား အဆုံး သတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအား လုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ် သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကိုပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်၊၊ သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းရန်၊ ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်၊ ပဋိပက္ခအတွင်း “လိင်နှင့် ကျားမအပေါ် အခြေခံသော အကြမ်းဖက်မှုများအပါအဝင်” မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်ရန် တို့ဖြစ်ကြောင်း၊ ယင်းသဘောထား ၆ ချက်ကို စစ်တပ်က သဘောမတူညီဘဲ မည်သည့်တွေ့ဆုံဆွေးနွေးမှုမှ ရှိမည်မဟုတ်ကြောင်း ပြောဆိုသည်။
“NUG အနေနဲ့ အင်ဒိုနီးရှားမှ မဟုတ်ဘူး အာဆီယံနိုင်ငံအချို့က ဦးစီးပြုလုပ်တဲ့ ဆွေးနွေးပွဲတွေမှာ တက်ရောက်ပြီး မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကို ကမ္ဘာကနားလည်ဖို့၊ NUG နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ရပ်တည်ချက်နဲ့ သဘောထားတွေကို ကမ္ဘာက သိဖို့ တက်ရောက်ဆွေးနွေးခဲ့တာတွေရှိပါတယ်။ ဒီလို ဆွေးနွေးပွဲတွေမှာ ဘယ်တုန်းကမှ အကြမ်းဖက်စစ်တပ်တာဝန်ရှိသူတွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့တာမရှိသလို၊ တဆင့်ခံလည်း ဆွေးနွေးခဲ့တာမျိုး မရှိပါဘူး။ NUG အနေနဲ့ နိုင်ငံရေးဦးတည်ချက် (၆) ချက်ကို တရားဝင် ကြေညာထားပြီးဖြစ်သလို အဲဒီ့အချက်တွေကို အာမခံချက်မရှိပဲ တွေဆုံဆွေးနွေးမှုဆိုတာ ဖြစ်လာစရာ အကြောင်းမရှိပါဘူး” ဟု ဦးနေဘုန်းလတ်က ပြောဆိုသည်။
လတ်တလော လူမှုကွန်ရက်များတွင် သတင်းများကို နောက်ပြောင်သည့် ပုံစံဖြင့် TROLL နေသော လူမှုကွန်ရက်စာမျက်နှာများ ပေါ်ပေါက်လာပြီး ယင်းစာမျက်နှာတွင် သတင်းများကို ပုံစံဖျက်၍ နိုင်ငံရေးလမ်းကြောင်းမှားစေရန် လုပ်ဆောင်နေသဖြင့် ပြည်သူများအနေဖြင့် သတိပြု သတင်းစားသုံးကြရန် NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC လည်း ယမန်နေ့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အင်ဒိုနီးရှားတွင် စစ်တပ်နှင့် လုံး၀ တွေ့ဆုံမှု မရှိကြောင်း ထုတ်ပြန်ပြောဆိုသည်။
“Office of Special Envoy on Myanmar Issue (အင်ဒိုနီးရှားနိုင်ငံ)၏ အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲဖိတ်ကြားချက်ကို NUCC အနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့် လက်ခံရရှိခဲ့ကြောင်း၊ အဆိုပါ ဖိတ်ကြားချက်ကို ရရှိပြီးနောက် အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်၊ အခြားပါဝင်မည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို သေချာရှင်းလင်းစွာ သိရှိနိုင်ရန် NUCC အနေဖြင့် မေးမြန်းခဲ့ကြောင်း၊ Office of Special Envoy on Myanmar Issue (အင်ဒိုနီးရှားနိုင်ငံ)၏ NUCC သို့ ပြန်လည်ဖြေကြားချက်များအရ ဖိတ်ကြားမှုတွင်အကြမ်းဖက်စစ်အုပ်စုကိုယ်စားလှယ်များ လုံးဝမပါရှိကြောင်းသေချာမှသာ NUCC အတွင်းဆွေးနွေးဆုံးဖြတ်၍ ကိုယ်စားလှယ်စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ မှ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့သော “အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေး ဆိုင်ရာ အတွေ့ အကြုံများကို မျှဝေခြင်း” အလုပ်ရုံဆွေးနွေးပွဲတွင် အခြားသော တော်လှန်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်အတူ NUCC ကိုယ်စားလှယ် ၂ ဦးတက်ရောက်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုကိုယ်စားလှယ်များနှင့် မည်သည့်နေရာ၊ မည်သည့်အခြေအနေတွင်မျှ တွေ့ဆုံခဲ့ခြင်း မရှိခဲ့ကြောင်း၊ NUCC အနေဖြင့် တော်လှန်ရေး အောင်မြင်မှုကို ရှေးရှု၍ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ ကတိကဝတ်များ နှင့်နိုင်ငံရေးလမ်းပြမြေပုံအတိုင်းသာ ဆက်လက် ကိုင်စွဲ ရပ်တည်သွားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ယမန်နေ့ ကြေညာသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




