21 C
Yangon

ယာယီသမ္မတ အမည်ခံ မြင့်ဆွေ၏ သားမက် တာရာမြင့်ဆွေက ဩစတြေးလျနိုင်ငံသားကို စွန့်လွှတ်ပြီးနောက် မြန်မာနိုင်ငံသားမှတ်ပုံတင်အများအပြား ကိုင်ဆောင်ထား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

ယာယီသမ္မတ အမည်ခံ မြင့်ဆွေ၏ သားမက် တာရာမြင့်ဆွေ ဆိုသူက ဩစတြေးလျနိုင်ငံသားကို စွန့်လွှတ်ပြီးနောက် မြန်မာနိုင်ငံသားမှတ်ပုံတင်အများအပြား ကိုင်ဆောင်ထားကြောင်း မြင့်ဆွေမိသားစုနှင့် ရင်းနှီးကျွမ်းဝင်သော သတင်းရင်းမြစ်က ပြောဆိုသည်။

ယာယီသမ္မတ အမည်ခံ မြင့်ဆွေတွင် သမီး ခင်သက်ထားဆွေနှင့် သား ကျော်ဘုန်းမြင့်တို့ ၂ ဦးရှိပြီး သမီးဖြစ်သူ ခင်သက်ထားဆွေမှာ တာရာ မြင့်ဆွေနှင့် အိမ်ထောင်ကျခဲ့ကြောင်း၊ မူလက တာရာမြင့်ဆွေမှာ ဩစတြေးလျနိုင်ငံသား ခံယူထားသူဖြစ်ပြီး မြင့်ဆွေ ဒုတိယသမ္မတ အဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် တာရာမြင့်ဆွေက ဩစတြေးလျနိုင်ငံသားကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံသားခံယူခဲ့ရကြောင်း၊ မြန်မာနိုင်ငံသား ခံယူပြီးနောက် တာရာမြင့်ဆွေမှာ မှတ် ပုံတင် ၂ ခုထက်မနည်း ကိုင်ဆောင်ထားကြောင်း သိရှိရသည်။

ယာယီသမ္မတ အမည်ခံ မြင့်ဆွေ၏ သားမက်က တာရာမြင့်ဆွေ အမည်ဖြင့် ၁၂/ တမန(နိုင်) တာမွေမြို့နယ်မှတ်ပုံတင်အမှတ်ကိုလည်း ကောင်း( Facebook ၏ မူဝါဒအရ မှတ်ပုံတင်နံပါတ်ကို ဖော်ပြခွင့်မရပါသဖြင့် ရန်ကုန်ခေတ်သစ်၏တယ်လီဂရန်တွင်သာ ဖော်ပြထားပါသည်)၊ တာယာမြင့်ဆွေ အမည်ဖြင့် ၁၂/ ဗဟန(နိုင်) ဗဟန်းမြို့နယ် မှတ်ပုံတင်အမှတ်ကိုလည်းကောင်း ကိုင်ဆောင်ထားကြောင်း သိရှိရသည်။

“တာရာ မြင့်ဆွေ အမည်နဲ့ မှတ်ပုံတင် တစ်ခု၊ နောက်ပြီးတော့ တာယာမြင့်ဆွေအမည်နဲ့ နောက်ထပ် မှတ်ပုံတင် တစ်ခု။ နောက်ထပ်လည်း မှတ်ပုံတင်တွေ အများကြီး ရှိနိုင်သေးတယ်။ အဓိကကတော့ ဗိုလ်ချုပ်အသိုင်းအ၀ိုင်းတွေက စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရှောင်ရှားတဲ့ အခါမှာ နာမည်ကို နည်းနည်းကွဲလွဲအောင် လုပ်တာ၊ မှတ်ပုံတင် နံပါတ်ကို ပြောင်းပစ်တာတွေ လုပ်တယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ရှင်းပြသည်။

ယမန်နေ့ ယာယီသမ္မတ အမည်ခံ မြင့်ဆွေ၏ မိန်းမဖြစ်သူ ခင်သက်ဌေးက သားမက် တာရာမြင့်ဆွေက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ယာယီသမ္မတ အမည်ခံ မြင့်ဆွေ ၏ အမည်ပေါက် မြေကွက်ကို ရောင်းစားသွားသည့်အတွက် အရေးယူမည်ဖြစ်ကြောင်း ယမန်နေ့ စစ်တပ်၏ ဝါဒဖြန့် သတင်း စာများတွင် ထုတ်ပြန် ကြေညာခဲ့သည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အကွက်အမှတ် မ-၅၉ ၊ ဦးပိုင်အမှတ် ၃၁ ၊ ဧရိယာ ၀ ဒသမ ၁၁၀၂ ကျယ်ဝန်းသော ယာယီသမ္မတ အမည်ခံ မြင့်ဆွေအမည်ပေါက် မြေကွက်ကို သားမက်ဖြစ်သူ တာယာမြင့်ဆွေက မြေဂရန်သက်တမ်းတိုးဆောင်ရွက်ပေးရန် ကိုယ်စားလှယ်လွှဲစာ ၂ စောင်ကို မြင့်ဆွေ မိသားစုက ပေးအပ်ခဲ့ကြောင်း ၊ သို့ရာတွင် သားမက်ဖြစ်သူက ကိုယ်စားလှယ်လွှဲစာ ၂ စောင်ကို အသုံးပြု၍ မြင့်ဆွေ မိန်းမ ခင်သက်ဌေး၊ သားဖြစ်သူ ဗိုလ်ကြီးကျော်ဘုန်းမြင့်(ငြိမ်း) တို့ မသိအောင် မြေကွက်ကို ဂရန်သက်တမ်းမတိုးဘဲ ရောင်းချခဲ့ကြောင်း၊ ထို့ကြောင့် တယာမြင့်ဆွေနှင့် အပေါင်းအပါများ ၇ ရက်အတွင်း လာရော် ဖြေရှင်းရန်နှင့် မဖြေရှင်းဘဲ ရှောင်တိမ်းနေလျှင် တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

“NLD အစိုးရကို အာဏာ လွှဲပြောင်းမယ့် ၂၀၁၆ ခုနှစ်မှာ မြင့်ဆွေက ရန်ကုန် တိုင်းဝန်ကြီးချုပ် ဖြစ်နေတဲ့အချိန်။ အာဏာမလွှဲခင်ညမှာ အခုသေသွားတဲ့ မြင့်ဆွေနဲ့ သားမက် တာရာ မြင့်ဆွေတို့ပေါင်းပြီး မြေကွက်ကိုတွေကို သူတို့ အမည်ဖောက်တယ်။ သားမက် တာရာမြင့်ဆွေ အမည်နဲ့ လွှဲခဲ့တဲ့ မြေကွက်တွေ အများကြီးပဲ။ အခု မြင့်ဆွေ သေမှ သူ့မိန်းမက မြေကွက်တွေကို လိုချင်လို့ အမှုအခင်း ဖြစ်ကြတာ။ ရန်ကုန်-မန္တလေးအမြန်လမ်းထိပ်က PT Power ဆီဆိုင် ၄ ဧကကို လယ်မြေအဖြစ်ကနေ အခြားမြေ အသုံးပြုခွင့် အမည်ပေါက်ပေးခဲ့တယ်။ နောက်ပြီး အလုံရန်ကုန်တိုင်းရုံးမြေတွေကိုလည်း ရောင်းစားခဲ့တယ်။ အာဏာမလွှဲခင်ည တစ်ညလုံးမအိပ်ဘဲ မြေကွက်တွေကို မြင့်ဆွေနဲ့ သားမက် အမည်ဖောက်ပြီး ယူခဲ့ကြတာ ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ဆိုသည်။

ယာယီသမ္မတ အမည်ခံ မြင့်ဆွေ ယခုနှစ် ဩဂုတ် ၇ ရက်နေ့ တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article