ရန်ကုန်၊ ဇူလိုင် ၅
အကြမ်းဖက် မြန်မာစစ်တပ် ပူးတွဲဥက္ကဌအဖြစ် ဦးဆောင်တဲ့ အာဆီယံရဲ့ ဇူလိုင်လအတွင်း ကျင်းပမယ့် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးကနေ နယူးဇီလန်နိုင်ငံ နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံဟာ အဆိုပါ အစည်းအဝေးကနေ ဒုတိယမြောက် နုတ်ထွက်တဲ့ နိုင်ငံဖြစ်ပြီး ကနဦးနုတ်ထွက်ခဲ့တဲ့ နိုင်ငံကတော့ ဩစတြေးလျ နိုင်ငံဖြစ်ပါတယ်။
ဒါ့အပြင် ကျန်ရှိနေနေသေးတဲ့ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့အနေနဲ့လည်း ဩစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့ရဲ့ ဦးဆောင်မှုနောက်ကိုလိုက်ပြီး၊ အစည်းအဝေးကနေ နုတ်ထွက်ရမယ့်အချိန် ဖြစ်တယ်လို့ Justice For Myanmar က ဆိုပါတယ်။
အာဆီယံရဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအစည်းအဝေးကနေ နုတ်ထွက်ဖို့ နယူးဇီလန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို Justice For Myanmar က ကြိုဆိုပြီး ဒီလိုနှုတ်ထွက်မှုက အကြမ်းဖက် မြန်မာစစ်ကောင်စီကို တရားဝင်မှု ဆက်ပြီးပေးအပ်နေတဲ့ အာဆီယံနဲ့ ၎င်းရဲ့ အခြားသောဆွေးနွေးဘက် မိတ်ဖက်တွေအတွက် ကျယ်လောင်တဲ့ သတင်းစကား တစ်ရပ်အဖြစ် သတ်မှတ်ကြဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ ဘုံသဘောထား ငါးရပ်က အဆင်ခြင်မဲ့လေကြောင်း တိုက်ခိုက်မှုတွေ၊ ဗုံးကျဲ တိုက်ခိုက်မှုတွေ၊ ဥပဒေမဲ့ဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေ၊ မုဒိန်းမှုတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေအပါအဝင် အကြမ်းဖက်စစ်ကောင်စီရဲ့ ဆိုးရွားပြင်းထန်တဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေကို ရပ်တန့်အောင် လုပ်ဖို့ ပျက်ကွက်နေခဲ့တာပါ။
လူသတ်အကြမ်းဖက် စစ်ကောင်စီကို အခုလို စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကတဆင့် တရားဝင်မှုနဲ့ အခွင့်အရေးတွေ ပေးအပ်တာဟာ နောက်ထပ်ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်ဖို့ အကြမ်းဖက်စစ်တပ်ကို ရဲတင်းလာစေခဲ့ပြီး၊ စစ်ကောင်စီရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ အာဆီယံကို ကြံရာပါ ဖြစ်စေတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဒါ့ကြောင့် နယူးဇီလန်နိုင်ငံအနေနဲ့ အကြမ်းဖက်စစ်ကောင်စီပါဝင်တဲ့ အခြားသော အာဆီယံအစည်းအဝေးတွေကိုလည်း တက်ရောက်ခြင်းမပြုဘဲ၊ အာဆီယံရဲ့ ကြံရာပါဖြစ်မှုတွေကနေ ဆန့်ကျင်ရပ်တည်ဖို့ JFM က ထပ်မံတောင်းဆိုထားပါသေးတယ်။
ဒါ့အပြင် နယူးဇီလန်နိုင်ငံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြု၊ ထောက်ပံ့တာ၊ စစ်ကောင်စီနဲ့ ၎င်းရဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ် အရေးယူဒဏ်ခတ် ပိတ်ဆို့မှုအသစ်တွေ ချမှတ်တာတွေအပြင် မြန်မာနိုင်ငံအရေးအတွက် နောက်ထပ် အရေးယူဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။
ADMM ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့မှာ အကြမ်းဖက်မြန်မာစစ်အုပ်စုနဲ့ ရုရှားစစ်တပ် တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် နေရာယူထားကြပြီး လာမယ့် ဇူလိုင်လ ၂၀ ရက် နဲ့ ၂၁ ရက်နေ့တွေမှာ ရုရှနိုင်ငံ မော်စကိုမြို့မှာ အစည်းအဝေး ကျင်းပဖို့ စီစဉ်ထားတာပါ။
အာဆီယံရဲ့ ADMM အစည်းအဝေးတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၁ နဲ့ ၂၂ ရက်နေ့တွေမှာလည်း ပြုလုပ်ခဲ့ပြီး အဲ့ဒီအစည်းအဝေးမှာ အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။