24 C
Yangon

ဒီပဲယင်းမြို့နယ်အ‌နောက်ခြမ်းကို စစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ် ဝင်ရောက်စီးနင်းပြီး ကျေးရွာများကို မီးရှို့ ၊ ကျေးရွာ ၁၂ ရွာမှ ပြည်သူ ထောင်ချီ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဇူလိုင် ၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အနောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က နယ်မြေရှင်းလင်းရေး ဟု ခေါင်းစဉ်တပ်ကာ ဝင်ရောက်စီးနင်းခြင်း၊ မီးရှို့ခြင်းများ လုပ်ဆောင်နေသဖြင့် ပြည်သူများ ထွက်ပြေးနေရ ကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ပန်းပုရွာနှင့် သိမ်ဘာရွာ စာသင်ကျောင်းများကို ဇူလိုင်ညနေ ၄နာရီ ၂၅ မိနစ် အချိန် စစ်ကောင်စီတပ်များ လာရောက်တပ်စွဲကြောင်း၊ အဆိုပါ တပ်များသည် ရဟတ်ယာဉ်များဖြင့် လာရောက်ထားပေးသည့် စစ်သားများဖြစ်ပြီး ယနေ့ ဇူလိုင် ၅ ရက်နေ့ နံနက်ပိုင်း ၉ နာရီအချိန် ကျွန်းတောလေးရွာနှင့် အင်ပင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း‌ ဒေသခံများက ဆိုကြသည်။

စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ကျေးရွာ၁၂ ရွာမှ ဒေသခံပြည်သူ ထောင်နှင့်ချီ၍ ထွက်ပြေးနေရကြောင်း၊ လက်ရှိတွင် မိုးတွင်းရာသီဖြစ်၍ ပြည်သူများစားဝတ်နေရေး အခက်အခဲဖြစ်နေရကြောင်း သိရှိရသည်။

“မနေ့က ရုတ်တရက်ကြီး ရဟတ်ယာဉ် ၃စီးနဲ့ စစ်သားတွေလာချတယ်။ သူတို့ လာပြီဆိုတာနဲ့ ကျွန်တော်တို့ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ မနေ့ကတည်းက ထွက်ပြေးခဲ့ရတယ် ။ မိုးကလည်းရွာနေတာဆိုတော့ ဒုက္ခအတော်လေးကိုရောက်ရပါတယ်။ ဘာလို့ အခုလို သူတို့လာတိုင်းပြေးရတာလဲဆိုတော့ မပြေးလို့လည်းမရဘူးဗျ။ သူတို့က တွေ့သူတိုင်းကို အကုန်ရန်သူထင်တယ်။ ဒေသခံတွေကို ဖမ်းပြီးသတ်ဖြတ်တဲ့ဖြစ်စဉ်တွေလည်းရှိနေတော့ ာ့ ရွာသားတွေ အကုန်လုံး သူတို့လာရင်ကြောက်လန့်ထွက်ပြေးနေကြရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဒီပဲယင်းအနောက်ခြမ်းရှိ ကျေးရွာများကို ယမန်နှစ် ဇွန်လ၊ ဇူလိုင်လနှင့် နိုဝင်ဘာလများတွင် ဝင်ရောက် စီးနင်းခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွားကြောင်း၊ ယင်းကာလတွင် ဒေသခံ အများအပြား ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာရောက် တပ်စွဲပြီး ကျေးရွာများကို ဖျက်ဆီးမီးရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒါ စစ်ကောင်စီရဲ့ စစ်ရေးနည်းဗျူဟာရဲ့ လုပ်ရိုးလုပ်စဉ်ပါ။ ဒီကောင်တွေက ဒေသခံ PDFတွေ စိတ်မတို၊ တိုအောင် ရွာတွေကိုမီးရှို့တယ်။ အဲဒီလိုလုပ်တော့ PDF တွေက သူတို့ကိုလာတိုက်အောင်လို့ စစ်ခေါ်တဲ့သဘောပါပဲ ။ ဒါမျိုးတွေ လုပ်ဆောင်ရင်တော့ သူတို့ ထောက်ခံတဲ့သူတွေတောင် သူတို့ ကိုအယုံကြည်ကင်းမဲ့သွားကြမယ် ။ သူ့ဟာသူ ကျဆုံးအောင် သူတို့ ရှုံးဆေးဖော်နေတာ စစ်ကောင်စီပဲ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိ စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးနေသဖြင့် ပြည်သူများ ထွက် ပြေးနေရသည့် ကျေးရွာများမှာ ပန်းပု၊သိမ်ဘာ၊ ရွာကျွန်းတောလေး၊ ကျွန်းတောကြီး ၊ခြုံ ၊ဘုတ္ထန်းရွာ၊ အိုးတိမ်တွင်းရွာ ၊ဆပ်ပြာကျင်းရွာ ၊ဘုတ်ရွာ၊ အုန်းတင်ရွာ၊ ကြည်ရွာ ၊ဘုရားထွက်ရွာ အပါအဝင် စုစုပေါင်း ကျေးရွာ ၁၂ ရွာရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဒီပဲယင်းတွင် စစ်တပ်က ကျေးရွာများ မီးရှို့ပြီး ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်နေသဖြင့် တိမ်းရှောင်နေရသော ပြည်သူများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article