ရန်ကုန်၊ ဒီဇင်ဘာ ၁၀
မနေ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားမှာ မင်းအောင်လှိုင်က အဲဒီလို ထုတ်ဖော်ပြောဆိုထာဖြစ်ပြီး လက်တွေ့မှာ သူနဲ့ သူ့မိသားစုက နိုင်ငံတော်ရဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေ၊ သွင်းကုန်ပါမစ်တွေ၊ နိုင်ငံတော်ရဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေကို တရားဝင် လုပ်ကိုင်ခွင့်တွေ ရှိနေတာလည်းဖြစ်ပါတယ်။
မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုကို လုံးဝလက်မခံတဲ့ ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးနဲ့ အကျင့်ပျက်ခြစားမှုတွေမရှိစေရေးအတွက် အခြေခံအကျဆုံးဖြစ်တဲ့ အသိပညာပေးရေးနဲ့ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်တွေကိုပါ ဟန်ချက်ညီညီ ချဉ်းကပ်ပြီး အလေးထားဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဒါ့အပြင် နိုင်ငံတော်က ချမှတ်ထားတဲ့ ဦးတည်ချက်များကို သွေဖည်၍ အဂတိလိုက်စားမှုကျူးလွန်တဲ့ မည်သူ့ကိုမဆို ကျောသားရင်သား မခွဲခြားဘဲ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။
နိုင်ငံမှာ အဂတိကင်းစင်တဲ့ လူ့အသိုက်အဝန်းဖြစ်လာရေးအတွက် ရှိနေဆဲဖြစ်တဲ့ အဂတိလိုက်စားမှုတွေ လျော့ပါးသွားအောင် အဂတိ လိုက်စားမှုဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးတိုက်ဖျက်ရမှာဖြစ်သလို နောင်အနာဂတ်မှာ ပပျောက်သွားတဲ့အထိလိုအပ်တဲ့ ပြင်ဆင်မှု၊ စီမံမှု၊ ဆောင်ရွက်မှုတွေနဲ့ ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။
ဒါပေမယ့်လည်း လက်တွေ့မှာတော့ အဂတိလိုက်စားမှုတွေကို ထိပ်ဆုံးကနေ ကျူးလွန်နေတာက မင်းအောင်လှိုင်ဖြစ်ပြီး လက်ရှိမှာလည်း မြန်မာပြည်ရဲ့ အချမ်းသာဆုံးကို ပြပါဆိုရင် မင်းအောင်လှိုင်နဲ့ သားအောင်ပြည့်စုံတို့ကို ပြသရမယ်လို့ ရန်ကုန်အခြေစိုက် UMFCCI စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဝင် စီးပွားရေးသမားတချို့က သုံးသပ်ပြောဆိုပါတယ်။
၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်ကာလ စီးပွားရေးလောကမှာ မြေစမ်း ခရမ်း ပျိုး စတင် ဝင်ရောက်ချိန်ကတည်းက အောင်ပြည့်စုံဟာ အဖေဖြစ်သူ မင်းအောင်လှိုင်ရဲ့ အရှိန်အဝါနဲ့ နိုင်ငံတော်ပိုင်တွေကို မတန်တဆ စျေးနဲ့ ငှားရမ်းလုပ်ကိုင်ခဲ့မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။ ဥပမာအားဖြင့် ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်ထဲက Yangon Glary ပန်းချီပြခန်းနဲ့ စားသောက်ဆိုင်တို့ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ အောင်ပြည့်စုံဟာ Sky One ဆောက်လုပ်ရေးဆိုတဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်ပြီးတဲ့နောက်မှာ ချမ်းသာမှု လမ်းကြောင်းပေါ် ကိုစတင်ရောက်ရှိလာတာဖြစ်ပါတယ်။ ၂၀၁၄၊ ၂၀၁၅ ခုနှစ် မှာ စစ်တပ်နဲ့ပတ်သက်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို Sky One ကိုပေးရမယ်လို့ မင်းအောင်လှိုင်က နှုတ်မိန့်နဲ့ သူ့တပ်မှူးတွေကို ညွှန်ကြား ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တပ်ပိုင်းဆိုင်ရာ ဆောက်လုပ်ရေး ပရောဂျက်တွေအားလုံး ရရှိခဲ့ပါတယ်။
၂၀၁၅ ခုနှစ် ပြင်ဦးလွင် DSTA အဆောင်တွေကို တိုးချဲ့ရာမှာ အောင်ပြည့်စုံဟာ ဘယ်သူနဲ့ယှဉ်ပြိုင်စရာမလိုဘဲ အဆောင် တိုးချဲ့ဆောက်လုပ်ခွင့်ရရှိခဲ့ပါတယ်။
မူလကတော့ အဆောက်အအုံ အသေးလေးတွေ အဆောင်တိုးချဲ့မှု လောက်သာ ပရော ဂျက်လေးတွေ ရရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် မင်းအောင်လှိုင် စစ်အာဏာ သိမ်း ပြီးနောက်ပိုင်းမှာ Sky One ကုမ္ပဏီဟာ မြန်မာပြည်ရဲ့ အကြီးဆုံး စီးပွား ရေးကုမ္ပဏီအဖြစ် နေ့ချင်းညချင်း ရောက်ရှိသွားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးတဲ့နောက် Sky One ကုမ္ပဏီက တပ်တွင်း လက် နက် ထုတ်လုပ်ရေးစက်ရုံကစလို့ ကြီးမားတဲ့ အဆောက်အအုံနဲ့ ဆောက်လုပ်ရေးတွေအားလုံး ရရှိသွားပါတယ်။
လက်ရှိ ပြင်ဦးလွင်မှာ စစ်တပ်ပိုင်ကုတင် ၅၀၀ ကင်ဆာကု အထူးကုသဆောင် အပါအဝင် အခုနောက်ဆုံး ရတနာပုံမြို့သစ်စီမံကိန်းရဲ့ ဆောက်လုပ်ခွင့် တင်ဒါတွေကိုလည်း အောင်ပြည့်စုံကပဲရရှိပါတယ်။ ရန်ကုန်မြို့ မင်္ဂလာဒုံမှာ တည်ဆောက်ပြီးစီးခဲ့တဲ့ တပ်မတော် အမှတ် ၁ ကုတင် ၁၀၀၀ အထူးကုသမှုစင်တာကိုလည်း အောင်ပြည့်စုံပဲရရှိခဲ့ပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်း၊ ဒလမြို့နယ် ရခိုင်ချောင်ရေတပ်မှာရှိတဲ့ တော်ပီဒိုစက်ရုံနဲ့ တပ်ဝင်းအဆင့်မြှင့် တင်ရေး ပရောဂျက်၊ နေပြည်တော်မှာ ရုရှားတိုက်လေယာဉ်သစ် ၆ စင်း ထားရှိမယ့် လေယာဉ်ထိန်းသိမ်းရေးရုံ၊ တစ်နိုင်ငံ လုံး လေတပ်ဝင်များအတွင်း ဆောက်လုပ်နေတဲ့ လေတပ်အိမ်ရာစီမံကိန်း၊ လေတပ် လေယာဉ်ကွင်းများ တိုးချဲ့ရေး ပရောဂျက်တွေကိုလည်း အောင်ပြည့်စုံကပဲ ပြိုင်ဘက်မရှိ ရရှိနေတာဖြစ်ပါတယ်။
တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ကျောက်ဖြူရေနက်စီမံကိန်းနဲ့ပတ်သက်တဲ့ ဆိပ်ကမ်းဆိုင်ရာ ပရောဂျက်တွေမှာလည်း အောင်ပြည့်စုံရဲ့ ကုမ္ပဏီက လုပ်ပိုင် ခွင့်အများအပြားရရှိပါတယ်။ စစ်တွေမှာတည်ဆောက်တဲ့ Jetty စီမံကိန်း ပရောဂျက်တွေကိုလည်း အောင်ပြည့်စုံပဲရရှိပါတယ်။
ရန်ကုန်မြို့မှာ မြ၀တီမီဒီယာစင်တာတည်ဆောက်ရေးလို အရပ်ဘက်ဆောက် လုပ်ရေးတွေမှာလည်း အောင်ပြည့်စုံကပဲ လက်ဝါးကြီးအုပ်ထားပါတယ်။ အခြားသော နိုင်ငံအဆင့် ပရောဂျက်တွေအားလုံးဟာ အောင်ပြည့်စုံဆီ အလိုလိုရောက်ရှိနေတာဖြစ်ပါတယ်။
ရန်ကုန်တိုင်း၊ စည်ပင်သာယာရေးကော်မတီရဲ့ တောင်ဥက္ကလာပဂေါက်ကွင်း ပြင်ဆင်မှု ပရောဂျက်တောင်မှ မင်းအောင်လှိုင်သား အောင်ပြည့်စုံရဲ့ လက်က မလွတ်ပါဘူး။ ကြီးကြီးသေးသေး စစ်တပ်နဲ့ နိုင်ငံပိုင် ပရောဂျက်မှန်သမျှကို အောင် ပြည့်စုံက လုပ်ကိုင်ပါတယ်။
စွမ်းအင်ကဏ္ဍအနေနဲ့ မင်းအောင်လှိုင် ဖွဲ့စည်းလိုက်တဲ့ ရုရှား စက်သုံးဆီဝယ်ရေး ကော်မတီမှာ အောင်ပြည့်စုံရဲ့ Yetagon Energy Trading ကုမ္ပဏီကို အဖွဲ့ ဝင်အဖြစ် ထည့်သွင်းထားပါတယ်။
အခုနောက်ဆုံး ရုရှားက လက်နက် ဝယ်ယူတင်သွင်းတဲ့ လုပ်ငန်းတွေမှာပါ အောင်ပြည့်စုံနဲ့ လူယုံ မောင်မောင်နိုင်တို့ပါဝင်လာပါတယ်။
ဒါ့အပြင် စစ်တပ်နဲ့ နိုင်ငံပိုင် မြေကွက်တွေကို အောင်ပြည့်စုံ၊ မောင်မောင်နိုင်၊ Sky One စတဲ့ ကုမ္ပဏီ နာမည်၊ လူနာမည်တွေနဲ့ ပြောင်းလဲ ဂရန်ထုတ်ယူမှု တွေရှိနေတယ်လို့ တပ်အရင်းအမြစ်တွေက ဆိုပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် ၁၈ လကျော်ကြာကာလအတွင်း မင်းအောင်လှိုင်နဲ့အောင်ပြည့်စုံတို့က ပုံစံမျိုးစုံနဲ့ ဂရန်ထုတ်ယူ လွှဲပြောင်းရယူသွားတဲ့ မြေဧရိယာ ဧက ထောင်ချီရှိတယ်လို့ ဆိုပါတယ်။
နဂိုကလည်း Azura Beach Resort (ချောင်းသာ) တို့လို စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်ခဲ့ပြီးတဲ့အပြင်လက်ရှိမှာလည်း စီးပွားရေး တင်ဒါလုပ်ငန်းများစွာ လုပ်ခွင့်ရ၊ မြေဧက ထောင်ချီ ပိုင်ဆိုင်တဲ့ မင်းအောင် လှိုင်တို့သားအဖဟာ အာ ဏာသိမ်းမှု ၁၈ လကျော်ကြာကာလအတွင်း စီးပွားဥစ္စာများ ဒီရေအလားတိုးပွားလာနေတာလည်းဖြစ်ပါတယ်။
မင်းအောင်လှိုင်နဲ့ အောင်ပြည့်စုံဟာ ပိုင်ဆိုင်မှုမှာလည်း မြန်မာပြည်ရဲ့ ထိပ် တန်း အချမ်းသာဆုံးနံပါတ်တစ်ဖြစ်သလို လုပ်ငန်းများစွာ လုပ်ကိုင်နေတဲ့အတွက် လုပ်ငန်းလည်ပတ်လုပ်ကိုင်နိုင်မှုမှာလည်း ပြိုင်ဘက်မရှိ ထိပ်တန်း နံပါတ်တစ် စီးပွားရေးကုမ္ပဏီကြီးတွေအဖြစ် လည်ပတ်နေနိုင်တာပါ။
မင်းအောင်လှိုင်နဲ့အောင်ပြည့်စုံတို့ကို အမေရိကန်အပါအဝင် အနောက်နိုင်ငံကြီးတွေ၊ ဥရောပနိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ထားတာမို့ သူတို့တွေအနေနဲ့ စီး ပွားရေးလုပ်ရာမှာ နာမည်မျိုးစုံကို အသုံးပြုပြီး ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့ ကြိုးစားပါတယ်။
ရန်ကုန်ခေတ်သစ်က သိရှိထားတဲ့ မင်းအောင်လှိုင်နဲ့ အောင်ပြည့်စုံတို့ သားအဖ လုပ်ကိုင်တဲ့ ကုမ္ပဏီတွေကတော့ ဘုန်းမြတ်ပြည့်စုံ ၊ Sky One ၊ Myanmar Sit Thu Gyi၊ မင်းတရားကြီး၊ Winning Sky၊ True Golf တို့ဖြစ်ပါတယ်။
အရင်ကတည်းကလည်း Aung Myint Mo Min Insurance Company ၊ MyTel Telecom ရှယ်ယာရှင်၊ Azura Beach Resort၊ A & M Mahar Company Limited ၊ Nyein Chan Pyae Sone Manufacturing & Trading Company Limited ဆိုတဲ့ လုပ်ငန်းများစွာကို ပိုင်ဆိုင်ခဲ့ပြီးသားဖြစ်ပါတယ်။
လက်ရှိအခြေအနေတွေကိုကြည့်ရင် မင်းအောင်လှိုင် အာဏာရှိနေသမျှကာလပတ်လုံး အောင်ပြည့်စုံဟာ ပြိုင်ဘက်မရှိတဲ့ ချမ်းသာ ကြွယ်တဲ့ သူဌေးကြီးတစ်ဦးအဖြစ် ဘယ်သူကမှ မငြင်းနိုင်ကြပါဘူး။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




