29 C
Yangon

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပ ရင်းနှီးမြှပ်နှံမှု အဆ ၂၀ ကျော်ထိုးဆင်းပြီး စစ်အာဏာမသိမ်းခင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဒေါ်လာ ၄ ဒသမ ၆၇ ဘီလီယံရှိခဲ့သော်လည်း ယခုအခါ ဒေါ်လာ ၂၄၈ သန်းသာရှိ ဟုဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပ ရင်းနှီးမြှပ်နှံမှု အဆ ၂၀ ကျော်ထိုးဆင်းပြီး စစ်အာဏာမသိမ်းခင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၄ ဒသမ ၆၇ ဘီလီယံရှိခဲ့သော်လည်း ယခုအခါ ဒေါ်လာ ၂၄၈ သန်းသာရှိတော့ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။

ယနေ့ ကျရောက်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (၂၀/၂၀၂၅) အစီအစဉ်တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ စီမံခန့်ခွဲမှု အရည်အချင်း ညံ့ဖျင်းမှုများကြောင့် ပြည်သူလူထုနှင့် မြန်မာနိုင်ငံအတွက် ဆိုးရွားစွာ ထိခိုက်နိုင်သော အလားအလာများ ထင်ရှားစွာ တွေ့မြင်နေရကြောငး၊ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် နိုင်ငံရေးယုံကြည်မှု ကင်းမဲ့လာသည်နှင့်အမျှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းလျက်ရှိကြောင်း ၎င်းကဆိုသည်။

“၂၀၁၉-၂၀၂၀ ပြည်သူ့အစိုးရ လက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄ ဒသမ ၈၇ ဘီလီယံရှိခဲ့တဲ့ အခြေအနေကနေ အခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၉ လ အတွင်းမှာ ဒေါ်လာ ၂၄၈ သန်း အထိ အဆပေါင်း ၂၀ ကျော် ထိုးဆင်းသွားပြီး စီးပွားရေး အဖတ်မဆည်နိုင်အောင်ဖြစ်နေပါတယ်။ အဲဒီလို အခက်အခဲတွေ ကြုံနေတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ ပြည်သူလူထုတင်မက သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ဖို့ လုပ်ဆောင်လာသလို ဘယ်လာရုစ်လို နိုင်ငံမျိုးနဲ့လက်တွဲကာ MOI၊ MOU တွေ လက်မှတ်ထိုးပြီး အကျိုးအမြတ်တွေရရှိဖို့ ဆောင်ရွက်လာတာကိုတွေ့ရပါတယ်။အကြမ်း ဖက် စစ်အုပ်စုဟာ ဒီလိုဆိုးရွား တဲ့စီမံကိန်းတွေကနေတဆင့် ဝင်ငွေရှာဖွေပြီး ပြည်သူကိုပစ်မှတ် ထားသတ်ဖြတ်နေတဲ့ သူတို့ရဲ့ လက်နက်၊ နည်းပညာ အင်အားတွေ ဖြည့်တင်းနိုင်ဖို့ ကြိုးပမ်းနေတာသာဖြစ်ပါတယ်။ ဒီလို ဆိုးရွားတဲ့စီမံကိန်းတွေကြောင့် အနာဂတ်မှာ မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံတွေအတွက်ပါ အလွန်ကြီးမားပြီးဆိုးရွားတဲ့ သက်ရောက်မှုတွေဖြစ်လာမှာဖြစ်တဲ့ အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဂေဟစနစ်ကို ထိခိုက်စေတဲ့ ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်(Global issue) အဖြစ်သတ်မှတ်ပြီး ဝိုင်းဝန်းထိန်းကျောင်းပေးနိုင်ဖို့လည်း သတင်း စကားပါးလိုပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း ကမ္ဘာ့ဘဏ်က စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် စီးပွားရေး ပြန် ကောင်းလာရန် အကန့်အသတ်အတားအဆီးများရှိနေဆဲဖြစ်ကြောင်း ၊ဝယ်လို အားနည်းခြင်း၊ လုပ်သားရှားပါးခြင်းနှင့် လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ပဋိပက္ခနှင့်မလုံခြုံမှု အပါအဝင် ပြဿနာများစွာရှိနေဆဲဖြစ် ကြောင်း ထုတ်ပြန်ပြောဆိုသည်။

၂၀၂၅ ခုနှစ် မတ်လ ငလျင်ဒဏ်၏ သက်ရောက်မှုများ၊ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေမှုနှင့် ရေ ရှည် စိန်ခေါ်မှုများကြားမှပင် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်နာလန်ထူရေး လမ်းကြောင်းပေါ်တွင် အတန်အသင့် တိုးတက်မှု လက္ခဏာများ တွေ့မြင်ရကြောင်း၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ဧပြီလနှင့်နှိုင်းယှဉ်ပါက စီးပွားရေးမှာ ပိုမိုမြင့်မားသောစွမ်းရည်ဖြင့် လည်ပတ်ခဲ့ကြောင်း၊ ကျပ်ငွေသည် ၂၀၂၄ ခုနှစ်တွင် သိသိသာသာတန်ဖိုးကျဆင်းခဲ့သော်လည်း ယခု ၂၀၂၅ ခုနှစ်တစ် လျှောက်လုံး တည် ငြိမ်စွာ ပြန်တန်ဖိုးမြင့်တက်လာကြောင်း၊ ငွေကြေး ဖောင်းပွမှု လျော့ကျလာသော်လည်း အလုံးစုံ ကုန်ဈေးနှုန်းများ မြင့်မားနေဆဲဖြစ်ကြောင်း၊ ကုန်စည်ပို့ဆောင်ရေးပမာဏမှာ ၂၀၂၅ ခုနှစ် စက်တင် ဘာလအထိ ၆ လအတွင်း မြင့်တက်လာခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေးမှာ ၃ ရာခိုင်နှုန်း ပြန်လည်ဦးမော့လာမည်ဟု ခန့်မှန်းထားပြီး အဓိကအား ဖြင့် ငလျင်အပြီး ပြန်လည်တည်ဆောက်ရေးနှင့် ထိခိုက်ဆုံးရှုံးသူများကို အကူအညီများ ဆက်လက်ပေးအပ်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ ၂၀ ရာခိုင်နှုန်းအထက်တွင် ရှိနေမည်ဟု မျှော်လင့်ရကြောင်း၊ ပြန်လည်တည် ဆောက် ရေး အသုံးစရိတ်များ တိုးလာခြင်းကြောင့် ဘတ်ဂျက် လိုငွေပြမှုသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် GDP ၏ ၅ ရာခိုင်နှုန်းအထိ ရောက်ရှိမည်ဟု ခန့်မှန်းကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ပြည်တွင်းချေးငွေများ မြင့်မားလာမှုကို ထင်ဟပ်စေကြောင်း၊ အများပြည်သူ့ကြွေးမြီမှာ တိုင်းပြည် GDP ၏ ၆၀ ရာခိုင်နှုန်းအထက်တွင် ရှိနေမည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထုတ်ပြန်ခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article