ရန်ကုန်၊ ဒီဇင်ဘာ ၁၁
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက်တိုက် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေခြင်းကြောင့် ကျေးရွာ ၅ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၉ ရက်နေ့မှ စတင်ပြီး ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ အထိ အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများနှင့် ထားမြို့ပေါ်တွင် တပ်စွဲထားသော စစ်သားများက လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများသည် သဗျာကျေးရွာနှင့် ဂေါ့အင်းကျေးရွာအနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း လက်နက်ကြီးများ ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲမည်ကို စိုးရိမ်သောကြောင့် သဗျာကျေးရွာနှင့် ဂေါ့အင်းကျေးရွာမှ ပြည်သူများ အပါအဝင် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ဘာတိုက်ပွဲမှ မရှိဘဲ စစ်ခွေးတွေက ၃ ရက်ဆက်တိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာ ပြည်သူတွေလည်း လက်နက်ကြီးရွာထဲကျရောက် ပေါက်ကွဲမှာကို စိုးရိမ်တာကြောင့် ရွာလုံးကျွတ်ကို ပြေးနေရတယ်။ အခုချိန်၊ထိ လက်နက်ကြီးတွေက ပစ်နေတုန်းပဲ ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့တော့ သိရတယ်။ စစ်ခွေး စစ်ကြောင်းကတော့ ထိုးလာတာမရှိသေးဘူး” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်းလောင်းလုံးမြို့အနီးရှိ ညင်းမော်ရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် တပ်က ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၂ ဦးကို ပစ်သတ်ကာ ရုပ်အလောင်းများကို ကျေးရွာအနီးရှိ တောစပ်တွင် မြုပ်နှံထားခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





