ရန်ကုန်၊ ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဒေါနတောင်ခြေ သစ်ကတေ့ကျေးရွာနှင့်ပတ်ဝန်းကျင်တွင် ကျားဖြန့် အဆောက်အအုံအသစ်များ ရက်ပိုင်းအတွင်း အရှိန်အဟုန်ဖြင့် တည်ဆောက်နေပြီး စစ်တပ်လက်အောက်ခံ BGF မှ ဗိုလ်တင်ဝင်းက KK Park နှင့် ရွှေကုက္ကိုလ်မှ တရုတ်သူဌေးများနှင့် အရေးပါသော ကျားဖြန့် လုပ်သားများကို ရွှေ့ပြောင်းပေးနေကြောင်း အဆိုပါနေရာများတွင် ရောက်ရှိနေသည့် ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ထိုင်း-မြန်မာနယ်စပ်၊ KK Park နှင့် ရွှေကုက္ကိုလ် ကျားဖြန့်ဝင်းများကို စစ်တပ်က ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများ လုပ်ဆောင် လာပြီးနောက် အဆိုပါ နေရာများမှ အရေးပါသော တရုတ်သူဌေးများ၊ အရေးပါသော ကျားဖြန့်ငွေလိမ်ဂိုဏ်းခေါင်းဆောင်များမှာ ဒေါနတောင်ခြေ၊ သစ်ကတော့ကျေးရွာသို့ BGF အကူအညီဖြင့် ရွှေ့ပြောင်းနေကြကြောင်း၊ ဒေါနတောင်ခြေတွင် ကျားဖြန့် အဆောက်အအုံဝင်းများ ရက်ပိုင်းအတွင်း အကြီးအကျယ် ထပ်မံ ဆောက်လုပ် ပေါ်ပေါက်နေကြောင်း၊ လက်ရှိ ကျားဖြန့် အဆောက်အအုံများကို အဓိက တာဝန်ယူ တည်ဆောက်နေသူမှာ BGF တပ်ဖွဲ့မှ ဗိုလ်တင်ဝင်းဖြစ်ကြောင်း သိရှိရသည်။
“မြဝတီ၊ မင်းလက်ပံ၊ KK Park နဲ့ ရွှေကုက္ကိုလ်ဘက်က ကပြေးလာတဲ့တရုတ်သူဌေးတွေကို သစ်ကတီကျေးရွာဘက်မှာ BGF ဗိုလ်တင်ဝင်းက နေရာ ပြန်ချထားပေးတယ်။ ကျားဖြန့် အဆောက်အအုံတွေလည်း အရှိန်အဟုန်နဲ့ ကို ဆောက်နေတာ။ ရက် ပိုင်း အတွင်းကို အဆောက်အအုံတွေ ထပ်ပေါ်လာတာ။ အဲဒီဘက်တွေကိုတော့ အပြင်လူ တစိမ်းဝင်မရဘူး။ လုံခြုံရေး တအားတင်းကျပ်ထားတယ်။ ရေ၊ မီး၊ အင်တာနက်ကတော့ အခုမှ စတာဆိုတော့ မပြည့်စုံသေးဘူး။ ဒါပေမယ့် အရှိန်ယူနေပြီ။ တရုတ်သူဌေးတွေနဲ့ ကျားဖြန့် လုပ်တဲ့ အဓိက ပုဂ္ဂိုလ်တွေ၊ နည်းပညာသမားတွေ၊ ဆိုက်ခေါင်းဆောင်တွေ အကုန်လူစုံတက်စုံ ရွှေ့ပြောင်းတာပါ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော သစ်ကတီကျေးရွာနှင့် ဖားကလူးကျေးရွာတွင် ကျားဖြန့် အဆောက်အအုံ တိုးချဲ့ အလုံး ၂၀ ကျော်ရှိပြီး မူလ အဆောက်အအုံများနှင့်ပေါင်းပါက အနည်းဆုံး အဆောက်အအုံပေါင်း ၅၀ ကျော်ရှိလာပြီဖြစ်ကြောင်း၊ ကျားဖြန့်အဆောက် အအုံသစ်များကို အလျှင် အမြန်ဆောက်လုပ်နေသူများမှာလည်း တရုတ်များပင်ဖြစ်ကြောင်း သိရှိရသည်။
“BGF ကားတွေနဲ့ တွေနဲ့ ကျားဖြန့် တရုတ်သူဌေးတွေ၊ နည်းပညာရှင်တွေ၊ အလုပ်ခေါင်းဆောင်တွေကို သစ်ကတီတောင်ပေါ်ကို ခေါ်လာတယ်။ ဗိုလ်တင်ဝင်းရဲ့ဖားကလူးရွာမှာအခြေချတယ်။ ခေါ်လာပြီး ၅ ရက်မြောက်လောက်မှာကျားဖြန့်ရုံတွေဆောက် တယ်။ ဆောက်လုပ်ရေးကုမ္ပဏီကတွေလည်း တရုတ်တွေပဲ။ အဆောက်အဦးပေါင်းထပ်ချဲ့တာရော အသစ်ဆောက်တာတွေရော အများကြီးကို နေ့ချင်းညချင်း ဆောက်နေကြတာ။ ရေ မီးနဲ့ အင်တာနက် မပြည့်စုံပေမယ့် ကျားဖြန့် အလုပ်တွေက ပြန်လည်ပတ်နေပြီ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ်လက်အောက်ခံ BGF ဗိုလ်တင်ဝင်း အဖွဲ့က ကျားဖြန့် တရုတ်များအတွက် မြ၀တီမြို့နှင့် ရွှေကုက္ကိုလ်မှ အမျိုးသမီးများကို လာရောက်ခေါ်ယူပြီး ကာရာအိုကေနှင့် အနှိပ်ခန်း ( ပြည့်တန်ဆာရုံ) များပါ ဖွင့်ပေးထားကြောင်း ၊ အဆိုပါ ကျားဖြန့် အဆောက်အအုံများက ဆောက်လုပ်နေသည်ကို စစ်တပ်ကလည်း သိရှိပြီး လိုအပ်သော ဘိလပ်မြေနှင့်ဆောက်လုပ်ရေး ပစ္စည်းများကို စစ်တပ်၏ခွင့်ပြုချက်ဖြင့် ဘားအံဘက်မှ သယ်ယူနေကြောင်း သိရှိရသည်။
“မြဝတီမြို့အနောက်ဖက်သစ်ကတီတောင်ခြေကဗိုလ်တင်ဝင်းရဲ့ဖားကလူးသင်တန်းကျောင်းမှာ ရွှေကုက္ကိုကျားဖြန့်တွေကို နေရာချတယ်။ ပြီးတော့ သင်တန်းကျောင်းရဲ့ဘေးအချုပ်ထောင်မှာလည်း ကျားဖြန့်တရုတ်တွေနဲ့ ကျားဖြန့်ရုံအသစ်ထပ်ဖွင့်ထားသေးတယ်။ ကျားဖြန့်တွေကို BGF ဗိုလ်တင်ဝင်းက တစ်ဖက်လှည့်နဲ့ပြန်ခေါ်ပြီးသစ်ကတီတောင်ခြေကသူ့ရဲ့သင်တန်းကျောင်းမှာကျားဖြန့်ရုံတွေဆောက်နေရာချထားတယ်။ နောက်ပြီး ပတ်ပတ်လည်မှာ ကျားဖြန့်ရုံအသစ်ထပ်လုပ်ထားတာ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။
လတ်တလော စစ်တပ်လက်အောက်ခံ BGF ဗိုလ်ချစ်သူ၊ ဗိုလ်တင်ဝင်း၊ ဗိုလ်မုတ်သုန်၊ ဗိုလ်နိုင်မောင်ဇော်တို့၏ လက် အောက်ခံ BGF တပ်များမှာ ကျားဖြန့် များကို နေရာသစ်များ ဖော်ဆောင် ပြောင်းရွှေ့ပေးခြင်းများ၊ ရန်ကုန်နှင့် မန္တလေးဘက်သို့ ထွက်ခွာလိုသော တရုတ်များကို ပို့ဆောင်ရေး လုပ်ဆောင်နေကြကြောင်း၊ စစ်တပ်ကလည်း အဆိုပါ ကျားဖြန့်များ နေရာ ပြန်လည် ချထားရေးတွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ဓာတ်ပုံ – BGF ဗိုလ်တင်ဝင်းပိုင် ဖားကလူးသင်တန်းကျောင်းနှင့် သစ်ကတေ့ ကျားဖြန့် အဆောက်အုံဝင်းများတွင် ကျားဖြန့် တရုတ်များကို ပြန်လည်နေရာချထားနေစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






