29 C
Yangon

ဝက်လက်မြို့နယ်၊ ထုံးဘိုရွာအနီးရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော တောတိုက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၄ နှစ်အရွယ် မအေးမြတ်သူဇာ အပါအဝင် ပြည်သူ ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထုံးဘိုရွာအနီးရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော တောတိုက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၄ နှစ်အရွယ် မအေးမြတ်သူဇာ အပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်၊ ထုံးဘိုရွာတောင်ဘက်ရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော သန်းကုန်းတောတိုက်ကို တံတားဦးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၂ စီးက ၂ ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၃၄ နှစ်အရွယ် သူဇာနွယ် ၊ အသက် ၂၆ နှစ်အရွယ် ကိုတွတ်ပီနှင့် အသက် ၇၀ နှစ်အရွယ် ဦးခင်မောင်လွင် တို့သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိပြီး ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း၊ ထို့ပြင် နေထိုင် ၈ လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ စစ်တပ်က ဗုံးကျဲ သတ်ဖြတ်ခဲ့သော နေရာသည် ရွှေဘိုမြို့နယ် ကုလားမရွာမှ ဝက်လက်မြို့နယ် အတွင်း စစ်ဘေးတိမ်းရှောင်ရန် ရောက်ရှိလာသော ပြည်သူများ နေထိုင်ရာ နေရာဖြစ်ကြောင်း သိရသည်။

“မနေ့က ညပိုင်းက ဗုံးကျဲသွားတာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီး ပထမအကြိမ် ဗုံး ပေါင် ၃၀၀ ခန့်နဲ့ ဒုတိယအကြိမ် ဗုံး အတွဲလိုက်ချပြီး တိုက်ခိုက်သွားတာ သေဆုံးတာက ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ဦးသေဆုံးတယ်။ ၁၀ ဦးလောက် ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေက စိုးရိမ်ရတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်း နတ်မှော်ဦးရွာကို စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသော J-Fighter ၁ စီးက ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၂၅ နှစ် အရွယ် ကိုရှိုင်းကို ၊ အသက် ၂၄ နှစ်အရွယ် မစုမြတ်လင်း ၊ အသက် ၂ နှစ် အရွယ် ရွှေပုံစံ ၊ အသက် ၂၁ နှစ် အရွယ် မောင်မာင်ဝင်း နှင့် အသက် ၄၀ နှစ် အရွယ် ရန်နိုင်ဝင်း တို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article