25 C
Yangon

MNDAA ၊ TNLA ၊AA တို့၏ နိုင်ငံရေးအကြောင်းပြ လုပ်ဆောင်ချက်များကြောင့် လူမှုစီးပွားအခြေ အနေများ ပိုမိုဆိုးရွားစေခဲ့ပြီး ပြည်သူများ ဆင်းရဲဒုက္ခရောက်နေဟု မင်းအောင်လှိုင် အပြစ်တင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

မြန်မာနိုင်ငံတွင် MNDAA ၊ TNLA ၊AA တို့၏ နိုင်ငံရေးအကြောင်းပြ လုပ်ဆောင်ချက်များကြောင့် လူမှုစီးပွားအခြေအနေများ ပိုမိုဆိုးရွားစေခဲ့ပြီး ပြည်သူများ ဆင်းရဲဒုက္ခရောက်နေရကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က အပြစ်တင်ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ကျရောက်သည့် ၅၁ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ အပြစ်တင်မှုများကို ပေါ်ပေါ်တင်တင် လုပ်ဆောင်လာခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်ခဲ့သည့် MNDAA ၊ TNLA၊ AA အဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ လက် နက်ကိုင်၏ လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရကြောင်း၊ ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုများသည် နိုင်ငံရေးကိုအကြောင်းပြပြီး လွဲမှားသောအယူအဆများဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းသာ ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

လက်နက်ကိုင်များအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ရန်ထက် တသီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာကြကြောင်း၊ လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲအတွင်း အတင်းအဓမ္မရောက်ရှိစေခဲ့ကြောင်း၊ လက်နက်ကိုင်အကြမ်းဖက်နည်းဖြင့် လိုလားချက်ကို တောင်းဆို၍မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ဖြစ်သည်ကို သိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ လမ်းကြောင်းမှန်ပေါ်ရောက်ရှိကြရေး လုပ်ဆောင်ရန် မင်းအောင်လှိုင်က ပြောဆိုသည်။

လက်နက်ကိုင်ပြဿနာများကြောင့် ထိခိုက်ဆုံးရှုံးမှုအများဆုံးသည် ဖွံ့ဖြိုးမှုအားနည်းသည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များသာဖြစ်နေကြောင်း၊ ထိုဒေသများသည် လွတ်လပ်ရေးမရမီနှင့် ရပြီးစကတည်းက အခြေအနေအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးတို့ကြောင့် ဖွံ့ဖြိုးမှုအားနည်းခဲ့သလို ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် “လဲရာသူခိုးထောင်း” ဆိုသကဲ့သို့ ပိုမိုအခြေအနေဆိုးရွားနေကြောင်း မင်းအောင်လှိုင်က ထပ်မံပြောဆိုသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်းပယောဂကင်းကင်းဖြင့် နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိကာလ ရခိုင်ပြည် အပါအဝင် နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှု မရှိသည်ကို အခွင့်ကောင်းယူ၍ မိမိတို့နိုင်ငံ၏ ပထဝီဝင် နိုင်ငံရေးအရ အရေးပါမှုကို အသုံးချရန် အင်အားကြီးနိုင်ငံတချို့က ဩဇာလွှမ်းမိုးချုပ်ကိုင်လိုသည့်အတွက် ဆူပူ အကြမ်းဖက်မှုများနှင့် မတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေကြောင်း မင်းအောင်လှိုင်က ပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article