ရန်ကုန်၊ ဇူလိုင် ၆
အကြမ်းဖက်စစ်ကောင်စီက ရုရှားထံမှ ဝယ်ယူထားသော ရုရှား SU-30 တိုက် လေယာဉ်များ ယခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံရောက်ရှိခဲ့ပြီး လက်ရှိတွင် အဆိုပါ လေယာဉ်များကို ရုရှား တိုက်လေယာဉ်မှူး ၄ ဦးက မြန်မာလေတပ်မှ အရာရှိများကို အမောင်းသင်လေ့ကျင့်ပေးလျက်ရှိကြောင်း လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။
“ရုရှားပိုင်းလော့ ၄ ဦးက မတ်နဲ့ ဧပြီလောက်မှာ အသုတ်တွေခွဲပြီး ရောက်တယ်။ စရောက်ကတည်းက နေတာက တံတားဦးဘက် မန္တလေးဘက်မှာနေတယ်။ နောက်တော့ မှော်ဘီ၊ နေပြည်တော် လိုအပ်သလို သွားဖို့စီစဉ်ပေးတယ်။ ပြီးရင် တံတားဦးမှာ ပြန်နားတယ်။ ပိုင်းလော့ကြီးပဲက ရုရှား ၄ ဦးပါ။ တွဲဖက်ပြီး ဗုံးကျဲတာတွေလည်းရှိတယ်။ အခု ရုရှားတွေက တိုက်လေယာဉ်အသစ်အတွက် လေ့ကျင့်ပေးနေတဲ့ လေတပ်အရာရှိတွေက ဗိုလ်မှူးအဆင့်တွေပါ။ တွဲဖက်လေ့ကျင့်တယ်။ လက်တွေ့ ဗုံးကျဲတာတွေ လုပ်ပါတယ်” ဟု လေတပ် သတင်းရင်းမြစ်က ပြောသည်။
ဇူလိုင်လ ၁ ရက်နေ့တွင် နေပြည်တော်လေဆိပ်သို့ ရုရှားကုန်တင်လေယာဉ်တစ်စီး ဆိုက်ရောက်ခဲ့ပြီး အဆိုပါ လေယာဉ်နှင့်အတူ လေတပ်နှင့်ကြည်းတပ်အတွက် စစ်ဘက်ဆိုင် ရာ ကိရိယာပစ္စည်းများ ပါလာခဲ့ကြောင်း၊ ယင်းလေယာဉ်သည် ဇူလိုင်လ ၃ ရက်နေ့တွင်မှ နေပြည်တော် လေဆိပ်မှ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှုများအတွက် မှော်ဘီလေတပ်သည် အဓိ က စစ်ဆင်ရေး ကွပ်ကဲမှု စခန်းအဖြစ် သတ်မှတ်ပြီး အခြားလေတပ်များက မှော်ဘီ လေတပ်သို့ အလှည့်ကျ အမှုထမ်းရခြင်းများရှိကြောင်း၊ သို့ရာတွင် လေတပ် သတင်းများ ပေါက်ကြားမှုများ များပြားသည့်အပြင် ဇွန်လ ၂၈ ရက်နေ့ ညပိုင်း မှော်ဘီလေတပ် လေယာဉ်သိုလှောင်ရုံတွင် ဗုံးထောင်မှုပါ ဖြစ်ပွားသည့်အတွက် အဓိက စစ်ဆင်ရေး နေရာအဖြစ်မှ လျှော့ချပြီး အခြား လေတပ်တစ်ခုကို စစ်ဆင်ရေးနှင့်ကွပ်ကဲရေး အဓိက နေရာအဖြစ် ပြောင်းလဲရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
“ဇွန်လ ၂၈ ရက်နေ့ ညပိုင်း ဗုံးထောင်တာမှာ အကြီးစားဗုံးတွေ မပေါက်ကွဲပေမယ့် အသေးစား ပေါက်ကွဲမှု ဖြစ်သွားတယ်။ လေယာဉ်ထိတယ်လို့ သိရပါတယ်။ Yak 130 လေယာဉ်ထိတယ်လို့ သိထားတယ်။ အဲဒီကိစ္စကလည်း အခုအချိန် အထိကို အတော်ဂယက်ရိုက်တယ်။ ခေတ်သစ်မှာ ဗုံးထောင်တဲ့သူ အင်တာဗျူးတက်လာတော့ ပိုဆိုးကုန်တယ်” ဟု မှော်ဘီလေတပ်သတင်းရင်းမြစ်က ပြောသည် ။
ဓာတ်ပုံ- မြန်မာအကြမ်းဖက်စစ်တပ်၏ ရုရှား MIG-29 တိုက်လေယာဉ်တစ်စီးကို ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်သည်)
Photo- Agency။