ရန်ကုန်၊ ဒီဇင်ဘာ ၁၉
ပြည်သူလူထု၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားခဲ့သော မြစ်ဆုံစီမံကိန်းကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ပြန်လည် စတင်ရန် လုပ် ဆောင်နေရာတွင် လူထု၏ဆန္ဒသဘောထားကို အဓိက အလေးအနက်ထားရန် အရေးတကြီးလိုအပ်နေကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် သမ္မတသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့သော ဧရာ၀တီမြစ်ဆုံစီမံကိန်းကို မင်းအောင်လှိုင်က ပြန်လည် စတင်ရန် လုပ်ဆောင်လျက်ရှိပြီး ဒုစစ်ခေါင်းဆောင်စိုးဝင်းကလည်း မြစ်ဆုံစီမံကိန်းအတွက် တည်ဆောက်မည့် ဆည်တာတမံဒီဇိုင်းကို နှစ်နိုင်ငံ ရွေးချယ်ပြီးစီးပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
KIO/KIA အနေဖြင့် ကချင်ပြည်နယ်၊ ဧရာ၀တီမြစ်ဆုံတွင် ပြန်လည် တည်ဆောက်ရန် လုပ်ဆောင်နေသော မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး အဖွဲ့အစည်းအနေဖြင့် သဘောထားမှတ်ချက်ပေးရန် လတ်တလော မရှိသော်လည်း ပြည်သူလူထု၏ ဆန္ဒသဘောထားကို အဓိက အလေးအနက် ထားရမည်ဖြစ် ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။
“ကျနော်တို့ KIO/KIA အနေနဲ့ မြစ်ဆုံစီမံကိန်း ပြန်စတာနဲ့ပတ်သက်လို့ သဘောထား ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဒါပေမယ့် ပြည်သူလူထုရဲ့ ဆန္ဒကအဓိကကျတော့ အလေးအနက်အထားဖို့ ပြောချင်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက် စိုးဝင်း၏ အဆိုအရ မြစ်ဆုံစီမံကိန်းကို နှစ်နိုင်ငံ စီးပွားရေးအရ တွက် ခြေကိုက်နိုင်မည့် တမံအမျိုးအစား Concrete Face Rock Fill Dam(CFRD) ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံ အဖြစ် တည်ဆောက်၍ တပ်ဆင်စက်အင်အား ၅၆၀၀ မဂ္ဂါဝပ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း လွန်ခဲ့သော ရက်ပိုင်းအတွင်း မြစ်ကြီးနားခရီးစဉ်တွင် ထုတ်ဖော်ပြောဆိုထားသည်။
အကြမ်းဖက် မင်းအောင်လှိုင်က ဧရာ၀တီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ကို ယခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး မြစ်ဆုံစီမံကိန်းအတွက် တရုတ် ယူနန်ပြည်နယ်မှ SPIC Yunan International Power Investment Co.,Ltd (SPICYN) နှင့်အတူ ပူးပေါင်း၍ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များ၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းအပြင် ဦးဆောင်အဖွဲ့က လမ်းညွှန်ချက် ပေးခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း အပါအဝင် လုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




