စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့ပျက်စီးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင် ဗျူဟာ ၄၇ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ ယင်းမာပင်မြို့နယ်၊ ရွှေတောင်းဦးကုန်းမှ ဗိုလ်မှူး ဇေယျာဝင်း ဦး ဆောင်သော အင်အား ၂၀၀ ပါ စစ် ကြောင်းက ယင်းမာပင်မြို့နယ် စုန်းချောင်းရွာနှင့် အင်းဖျားရွာတို့မှ တဆင့် ပန်းတိန်ပြင်ရွာနှင့် ကျောက်မှော်ရွာ အတွင်းသို့ ၂ ဖွဲ့ခွဲကာ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါထိတွေ့တိုက်ပွဲမှာ ၂ နာရီ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၉ ဦးသေဆုံးကာ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး မုံရွာမြို့ပေါ်ရှိ အနောက်မြောက်တိုင်းစစ်ဌာ နချုပ်က တိုက်ပွဲဖြစ်ပွားရာ နေရာကို လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ယင်း စစ်တပ် စစ်ကြောင်းသည် ကျောက်မှော်ကျေးရွာ၊ ကျောက်ကုန်းကျေးရွာ၊ နှောပင်ကျေးရွာ၊ အင်းဘတ်ကျေးရွာ နှင့် ကြက် လျှာကျေးရွာတို့ရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူပြီး နေအိမ် ၂၃၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ကတော့ ရန်သူကို ကိုယ့်စိုးမိုးနယ်မြေကို ကျူးကျော်လာရင်တော့ ခုခံ တိုက်ခိုက်ရမှာပေါ့။ ဒါကိုမှ ရန်သူရဲ့ ဒီပြည်သူ လူထုရဲ့နေအိမ်တွေကိုမီးရှို့တာ ဒါသူတို့ရဲ့ အခုနောက်ပိုင်းမှာ ပြန်လည်အသုံးပြုလာတဲ့ သူတို့ရဲ့ ဗျူဟာလို့ ပြောရမလားပေါ့။ အခုနောက် ပိုင်းမှာ ပြည်သူတွေကို စစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတယ်။ ဒီ PDF အဖွဲ့တွေနဲ့ တော်လှန်ရေး အဖွဲ့တွေက ကျည်ပေါက်တာနဲ့ သူတို့ နေအိမ်တွေကို မီးရှို့တယ်ဆိုတဲ့ သဘောမျိုးပေါ့။ သူတို့ ကျည် မဖောက်ရင်၊မပေါက်ရင် စစ်တပ်က မီးမရှို့ဘူးဆိုတဲ့ သဘောမျိုး၊ ပြန်သွင်းတဲ့ အနေအထားရှိတယ်” ဟု ယင်းမာပင် ဗျူဟာ ၄၇ တပ်ဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် ပူးပေါင်းမဟာမိတ်အဖွဲ့များဖြစ်ကြသော YMB Column (ယင်းမာပင်မြို့နယ်စစ် ကြောင်း)၊ ယင်းမာပင်မြို့နယ် ပကဖလက်ရုံးတပ် ULF စစ်ကြောင်း၊ ကနီ9+စစ်ကြောင်း၊ ယင်းမာပင်ခရိုင် အမှတ် (၉) တပ်ရင်း၊ BNRA၊ ကနီမြို့နယ် ပကဖလက်ရုံးတပ်၊ ဆားလင်းကြီးမြို့နယ် ပကဖလက်ရုံးတပ်၊ ဘုတလင်တော်လှန်ရေးအင်အားစု၊ ရတနာပုံကျောင်းသားတပ်တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှာ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် နမခ သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








