26 C
Yangon

ကမ္ဘောဒီးယားတွင် ကျားဖြန့်လုပ်ကိုင်ရန် မြန်မာနိုင်ငံသား ၂၀၀ ကျော် လူကုန်ကူးလှည့်ဖျားခေါ်ဆောင်ခံရပြီး ပိတ်မိနေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ကမ္ဘောဒီးယားနိုင်ငံတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်ရန် မြန်မာနိုင်ငံသား ၂၀၀ ကျော်မှာ တရုတ်နိုင်ငံသားများ၏ လူကုန်ကူးလှည့်ဖျားခေါ်ဆောင်မှုကို ခံထားရပြီး လက်ရှိတွင် ပြန်လာခွင့်မရဘဲ ပိတ်မိနေကြောင်း ကျားဖြန့်ဝင်းအတွင်း ကိုယ်တိုင်ပိတ်မိနေသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မြန်မာနိုင်ငံသား ၂၀၀ ကျော်ခန့်မှာ ကမ္ဘောဒီးယားနိုင်ငံ၊ Koh Kong ပြည်နယ်၊ Dara Sakor ရှိ Khum Kaon Sdach နယ်မြေအတွင်းရှိ တရုတ်စီမံကိန်းနယ်မြေတစ်ခုတွင် ပိတ်မိနေပြီး အလုပ်မှထွက်၍ ပြန်လာချင်သော်လည်း ပြန်ခွင့်မရဘဲ အကျပ်ကိုင်ခံနေရကြောင်း သိရှိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများကို တရုတ်နိုင်ငံသားများက အမေရိကန်ဒေါ်လာ ၇၀၀ မှ ဒေါ်လာ ၁၀၀၀ အထက်အထိ လစာပေးမည်ဟုဆိုကာ အလုပ်အကိုင်အေဂျင်စီပွဲစားများမှတစ်ဆင့် ဖျားယောင်းခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အချို့မှာ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် သွားရောက်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဂိမ်းခုံမှာ လုပ်ရမယ်ဆိုပြီး ခေါ်တာ။ ပြီးမှ ကျားဖြန့်လုပ်ခိုင်းနေတာ။ သူတို့နဲ့လိုက်ခဲ့ရင် မုန့်ဖိုးပေးမယ်ဆိုပြီး ခေါ်သွားတာပါ ကမ္ဘောဒီးယားကို။ ပြန်လာချင်ပင်မယ့် ပြန်လာလို့မရတဲ့သူတွေလည်း ရှိပါတယ်။ အနည်းဆုံး ၆လ ထိ လုပ်ပေးရမယ်လို့ ပြောတယ်”ဟု ကိုယ်တွ့ကြုံနေရသူတစ်ဦး ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထို့ပြင် လုပ်ငန်းခွင်အတွင်း နှိပ်စက်ညှဉ်းပန်းမှုများလည်း ရှိနေကြောင်းနှင့် အနည်းဆုံး ၆ လအထိ မဖြစ်မနေ အလုပ်လုပ်ပေးရန် အကျပ်ကိုင်ခံထားရကြောင်း သိရှိရသည်။

ကျားဖြန့်အလုပ်အတွက် Facebook လူမှုကွန်ရက်နှင့် ပွဲစားများမှတစ်ဆင့် ချိတ်ဆက်ခေါ်ဆောင်နေခြင်းဖြစ်ပြီး လာအိုနိုင်ငံဘက်မှတစ်ဆင့် ဗီယက်နမ်ကိုဖြတ်ကာ ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ အောက်လမ်းမှ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အထိလည်း မြန်မာနိုင်ငံသားများကို အလားတူနည်းလမ်းများဖြင့် ဆက်လက်ဖျားယောင်း ခေါ်ယူနေဆဲဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများထံမှ သိရှိရသည်။

ဓာတ်ပုံ – ကမ္ဘောဒီးယားမှ ကျားဖြန့် အွန်လိုင်းငွေလိမ်စင်တာများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article