23 C
Yangon

စစ်ကိုင်းမြို့ပေါ်တွင် စစ်တပ်က ၅ ရက်ဆက်တိုက် လူငယ် ၁၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်း ဆီးပြီး တပ်မ ၃၃ တွင် ချုပ်နှောင်ထား၊ မန္တလေးတွင် စစ်တပ်က ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီး ငွေညှစ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ၅ ရက်ဆက် လူငယ် ၁၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်မ ၃၃ တွင် ချုပ်နှောင်ထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့မှစတင်ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့ထိ စစ်ကိုင်းမြို့ပေါ် ရပ်ကွက်များနှင့် အလုပ်သွား အလုပ်ပြန်လာသည့် လူငယ် ၁၀၀ ကျော်ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များသည် အသက် ၂၅ နှစ်မှ အသက် ၃၅ နှစ် အရွယ် လူငယ်များဖြစ်ကြောင်း သိရသည်။

ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များကို အကြမ်းဖက် စစ်တပ်က စစ်ကိုင်းမြို့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်အတွင်း ချုပ်နှောင်ထားပြီး လက်ရှိချိန်ထိ မိသားစုများနှင့် တွေ့ဆုံခွင့် မပေးသေးကြောင်း သိရှိသည်။

“စစ်ခွေးတွေ နေတိုင်းလို စစ်ကိုင်းမြို့ပေါ်မှာ နေအိမ်ရပ်ကွက်ထဲထိ ဝင်ရောက်ပြီး ပေါ်တာဆွဲတာ တစ်ရက်ကို စစ်ခွေးတွေက လူငယ် ၂၅ ယောက်လောက်ထိ ဆွဲတယ်လို့ သိရတယ်။ စစ်ကိုင်းမြို့ပေါ် လမ်းဆုံနဲ့ အလုပ်သွား အလုပ်ပြန်လာတဲ့ လူငယ်တွေကို အဓိက ထားပြီးဆွဲတယ်။ မိသားစုတွေ ပိုက်ဆံနဲ့ လိုက်ရွေးတာတောင် လိုက်ရွေးလို့ မရတော့ဘူး။ လက်ရှိမှာ စစ်ခွေးတွေ ဖမ်းထားတဲ့ စစ်ကိုင်း ၃၃ တပ်ရင်းထဲမှာ ဖမ်းဆီးထားတယ်လို့ ကြားတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။

အလားတူ မန္တလေးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်နှင့် လက်နက်ကိုင် ပျူစောထီးများက ဆိုင်ကယ်စီးနင်းသော ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး စစ်ဆေးပြီး ငွေကျပ် သိန်းချီ တောင်းခံကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃ ရက်နေ့တွင် မန္တလေးမြို့ပေါ်၌ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း နှင့် ကိုခန့်ဝေဖြိုးတို့ ဦးဆောင်ပြီး ဆန္ဒပြပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်နှင့် လက်နက်ကိုင် ပျူစောထီးများက မြို့ပေါ်စစ်ဆေးမှုများ တင်းကျပ်စွာ လုပ်ဆောင်လာပြီး ဆိုင်ကယ် စီးနင်းသူများကို စစ်ဆေး ဖမ်းဆီးမှုများ ပိုမို လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရာတွင် လက်ကိုင်ဖုန်းများကို အဓိကထား စစ်ဆေးပြီး အကြောင်းမဲ့ ငွေကျပ် သိန်းချီ တောင်းခံကြောင်း၊ ငွေကြေးမပေးနိုင်သူများကိုလည်း လိုင်စင် သိမ်း၍ ငွေဖြင့် ပြန်ရွေးခိုင်းကြောင်း၊ ဖမ်းဆီး စစ်ဆေးမှုများကို အရပ်ဝတ် ပျူစောထီးများက လုပ်ဆောင်ပြီး ယူနီဖောင်း ဝတ်ဆင်ထားသော စစ်သားများက လုံခြုံရေးယူပေးကြောင်း သိရှိရသည်။

“အခုက မန္တလေးမြို့ပေါ်မှာ ဆန္ဒပြပွဲ ဖြစ်ပွားပြီးနောက်ပိုင်းမှာ ဆိုင်ကယ်စီးနင်းသူ မှန်သမျှ ယောက်ကျား၊ မိန်းမပါမကျန် ဖုန်းစစ် ဖမ်းဆီးပြီး အကြောင်းမဲ့ ငွေကျပ် သိန်းချီတောင်းခံတယ်။ ဖုန်းထဲမှာ ဘာမှမထည့်ထားတာတောင် တောင်းခံရတယ်။ ပိုက်ဆံမပါရင်လည်း လိုင်စင်သိမ်းတယ်။ ငွေနဲ့ ရွေးခိုင်းတယ်။ အဲလို ဖမ်းဆီးတာက အရပ်ဝတ် ပျူစောထီးတွေ ဦးဆောင်ပြီး ဖမ်းနေတာ အဲကောင်တွေကို လက်နက်ကိုင်ထားတဲ့ စစ်ခွေးတွေ လုံခြုံရေးပေးပြီး ဝန်းရံပေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်အမိန့်ဖြင့် ဒေါက်တာတေဇာဆန်း ဦးဆောင်သော ဆန္ဒပြခဲ့သည့် ချမ်းအေးသာစံမြို့နယ်ရှိ ချမ်းအေးသာစံ အနောက်ရပ်ကွက်၊ ၂၉ လမ်း၊ ၈၄x၈၅ လမ်းကြားရှိ လမ်းဘေးဈေးဆိုင်များကို ဝင်ရောက် ဖျက်ဆီးခဲ့ပြီး အနည်းဆုံး ဆိုင်ခန်း ၅၀ ဝန်းကျင် ဖျက်ဆီးခံခဲ့ရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article