မကွေးတိုင်း၊ စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ် ဘက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၁၀၀ ကျော် ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရပြီး တိုက်ပွဲများလည်း ဖြစ်ပွားနေကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်ခန့်အချိန်မှ စတင်ပြီး စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းနယ်မြေရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၄၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အလားတူ ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ Y-12 လေယာဉ်က ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးရွာဘက်ကို ဗုံ ၁၁ လုံး နှင့် ဆင်ဖြူကျွန်းမြို့ ဘက်ကို ဗုံး ၂၀ ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ပြီး Mi35 ရဟတ်ယာဥ် ၂ စီးဖြင့် ဆင်ဖြူကျွန်းချောင်း အနောက်ဘက်ကို စက်လက်များဖြင့်ပါ ပတ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးရွာမှ ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပြီး စလင်းမြို့နယ်အတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“အကြမ်းဖက် စစ်တပ်က ဆင်ဖြူကျွန်းမြို့ နွယ်တမယ်ရွာဘက်ကို တစ်ညလုံး ပျံသန်းပြီး ဗုံး ၄၀ ကျော်ကျဲချ တိုက်ခိုက်တာ လေယာဥ်က ၄ ခေါက် ပျံသန်းပြီး ကျဲသွားတာ ပြည် သူပိုင် နေအိမ် ၁ လုံးတော့ ပျက်စီးသွားတယ်။ လူတွေထိခိုက်မှုတော့ အတည်မပြုနိုင်ဘူး။ ဒီနေ့ နံနက် ထပ်ကျဲတဲ့ လေယာဉ်က ပွင့်ဖြူဘက်ကနေ တက်လာတာ ကျနော်တို့ စလင်းဘက်ကို လေယာဥ်က ၂ စီးတက်လာတာ ဆင်ဖြူကျွန်း နွယ်တမယ်ဘက်နဲ့ စလင်းချောင်းမြောက်ဘက်ကို ဗုံး ၂၀ကျော် ကျဲသွားတာ စလင်းမြို့နယ်ကို နှစ်ခေါက် တိတိ ပျံသန်းပြီး ဆင်ဖြူကျွန်းမြို့ရဲ့ အနောက်ဘက်ခြမ်းကို စက်လက်နက်နဲ့ ပစ်သွားသေးတယ်။ ပြည်သူတွေ ထိခိုက်မှုရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စလင်းမြို့ ဘက်မှ ဆင်ဖြူကျွန်းဘက်သို့ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသော ကြောင့် ဆင်ဖြူကျွန်းမြို့ နွယ်တမယ်တံတားတွင် နံနက် ၈ နာရီဝန်းကျင်မှ စတင်ပြီး တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။
“ဆင်ဖြူကျွန်းဘက်ကနေ မြောင်းဘောင်လမ်းအတိုင်း စစ်ခွေးတွေဝင်လာတာ အင်အား ၂၀၀ ကျော်လောက်ရှိမယ်။ မိုင်းကွဲသံတွေလည်းကြားရတယ်။ စစ်ခွေးတွေ မိုင်းထိထားတာထင်တယ် လူနာတွေလည်းပါလာတယ်။ ဆင်ဖြူကျွန်းမြို့ပေါ်မှာလည်း ပြည်သူတွေအများကြီးပဲ ပိတ်မိနေတာ ဘယ်မှလည်းမပြေးရဲဘူး စစ်ခွေးတွေက လမ်းတွေ အကုန်ပိတ်ထားတာ” ဟု ဆင်ဖြူကျွန်းမြို့မှ ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
စလင်းမြို့ပေါ်တွင်လည်း ဒီဇင်ဘာလ ၂၃ ရက်နေ့၌ မင်းဘူးဘက်မှလာသော စစ်ကား ၅ စီးဖြင့် အင်အားများ ဖြည့်တင်းထားပြီး မြို့အနှံ့တွင် တပ်ဖြန့်ထားကြောင်း၊ လက်ရှိချိန်တွင် စလင်းမြို့ပေါ်၌ ခန့်မှန်းခြေ အင်အား ၅၀၀ ကျော်ခန့်ရှိပြီး မြို့နယ် ထွေ/အုပ် ရုံးတွင်လည်း ပျူစောထီးများက နေရာယူထားကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ် ပုံတောင် ကျောက်တံခါးနားတ၀ိုက်ကို အကြမ်းဖက် စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၅ကြိမ် တိုင်တိုင် ဗုံးအလုံး ၅၀ကျော် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ထို့အတူ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည၇နာရီ ၂၄မိနစ်ခန့်အချိန်မှ ည ၇နာရီ ၃၀မိနစ်ခန့်အချိန်အထိ ပေါက်မြို့နယ် ပုံတောင် ကျောက် တံခါးနားတ၀ိုက်ကိုလည်း အကြမ်းဖက် စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၅ကြိမ် တိုင်တိုင် လေယာဉ်ဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်များ ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပုံတောင်ကျောက် တံခါးနားတ၀ိုက်ကိုပေါ့။ ၅ကြိမ်တိုင်တိုင် ဗုံး ၅၀ကျော် ဗုံးကျဲသွားတာပါ။ အသေးစိတ်အခြေ အနေကို မသိရသေးဘူး။ ပြည်သူကတော့ မထိဘူး။ ပျက်စီးဆုံးရှုံးမှု အသေးစိတ် မသိရသေးဘူ။ ပြည်သူတွေ အနေနဲ့ စစ်ကြောင်း၊ လေကြောင်း သတိ ပြုနေထိုင်ကြဖို့ ပြောချင်ပါတယ်”ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ပြောဆိုသည်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်က ပြည်သူများနေထိုင်သော ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




