မကွေးတိုင်း၊စလင်းမြို့နယ်၊ သာစည်ရွာနှင့် နွယ်တမယ်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်များ မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညပိုင်း အကြမ်းဖက်စစ်တပ်က သာစည်ရွာထဲ ဝင်ရောက် စခန်းချပြီး လက်နက်ကြီးများဖြင့် ကျေးရွာပတ်ပတ်လည်ကို ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် သာစည်ရွာအတွင်း မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ၊ နွယ်တမယ်ကျေးရွာမှာမူ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင်ပင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့၍ နေအိမ်များ မီးလောင်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“နွယ်တမယ်က လေယာဉ်နဲ့ ဗုံးကျဲချလို့ မီးလောင်တာ ။ နွယ်တမယ်က ချောင်းပဲ ခြားတာ ဆင်ဖြူကျွန်းမြို့နဲ့ ကပ်ရက်။ သာစည်ရွာက စစ်သားတွေ ဘုန်းကြီးကျောင်းမှာ စခန်းချမယ်ဆိုပြီး ပစ်ရာကနေ ပေါက်ကွဲပြီး လောင်တာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ မီးလောင်ကျွမ်းမှုများကြောင့် ပြည်သူများ ထိခိုက်မှုအခြေအနေကိုမူ မသိရှိရသေးကြောင်း၊ လတ်တလောတွင် ဆင်ဖြူကျွန်းမြို့နှင့် စလင်းမြို့နယ်အတွင်း တိုက်ပွဲများ ပြင်း ထန် နေပြီး ပြည်သူများ ပိတ်မိနေမှုများလည်း ရှိကြောင်း သိရှိရသည်။
“သရက်ချဉ်ရွာ ၊ဇောင်ချမ်းကုန်းရွာ၊ မိုးဝန်းရွာ၊ မြောင်းမကုန်းရွာ ၊ သာစည်ရွာ၊ ပေါင်လောင် ရွာ ၊ ကျက်သကိုင်ရွာ ၊ ဂုံဂုန်းရွာက ပြည်သူတွေ လမ်းဖွင့် ပေးတုန်းက မထွက်လိုက်ရလို့ လမ်းပြန်ဖွင့်ပေးဖို့ စောင့်နေကြတာ။ ဆင်ဖြူကျွန်းနဲ့ စလင်းကြားက ရွာတွေ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
တော်လှန်ရေးတပ်ဖွဲ့များက ဆင်ဖြူကျွန်းမြို့ပေါ်ရှိ စစ်တပ်စခန်းများအားလုံးကို သိမ်းပိုက်မည်ဖြစ်သောကြောင့် ပြည်သူများ စစ်ဘေးရှောင်ကြရန် တရားဝင် သတိပေးချက် ထုတ်ပြန်ထားပြီးဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







