မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ပုဂံဘုရားဒေသများတွင် စစ်တပ်က လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ အတုအယောင် ရွေး ကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားကြောင်း ပုဂံညောင်ဦးမြို့နယ်အခြေစိုက် မကဆ လူငယ်အင်အားစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့တွင် ညောင်ဦးမြို့နယ်၊ ပုဂံဘုရားဖူးနေရာများနှင့် မြို့အတွင်းတွင် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး စတေကာကပ်ခြင်း၊ စာရွက်များ ကျဲချခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ စစ်တပ်က လုံခြုံရေး အထူးတင်းကျပ်ထားသည့်ကြားမှ ယင်းကဲ့သို့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျောက်ပန်းတောင်ဘက်ကနေ ရွေးကောက်ပွဲနေ့အတွက် စစ်အင်အား ၂၀၀ လောက် ဝင်လာတယ်။ အဲဒီ တပ်တွေက အိမ်စီးကားမျိုးစုံ သုံးပြီး ပုဂံမှာ ပတ်နေတယ်။ CCTVတွေ ကိုလည်း ဒီဇင်ဘာ ၂၆ ရက်နေ့ကတည်းက တပ်ထားတာ။ CCTV ရွှေစည်းခုံ တောင်ဘက်စောင်းတန်းအကျော် ဘုရားကိုးဆူကွေ့မှာလည်း ထပ်တပ်ထားတယ်။ ညောင်ဦးထွေအုပ်မှာရှိတဲ့ ဖရဲသီး ဝန်ထမ်းတွေရယ် ၊ ညောင်ဦးမြို့ပေါ်က ဖရဲသီး ပျူတွေရယ်ကပါ ဒီကမ်ပိန်းမှာ ကင်းထောက်ပေးခဲ့တာကြောင့် အခုလို မြန်မြန်ဆန်ဆန်နဲ့ ခွေးအင်အားအများကြားမှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကမ်ပိန်းကို လုပ်နိုင်ခဲ့တာပါ” ဟု ပုဂံညောင်ဦးမြို့နယ်အခြေစိုက် မကဆ လူငယ်အင်အားစုမှ တာဝန်ရှိသူက ရှင်းပြသည်။
စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပုဂံ နှင့် ညောင်ဦး ဆက်သွယ်ထားသည့် အနော်ရထားလမ်းနှင့် သရပါတံခါးသွားရာ မြို့ဟောင်းလမ်း တို့တွင် ဆန္ဒမဲမပေးဘဲ သပိတ် မှောက်ကြရန် စာရွက်များ ကျဲဖြန့်ချခဲ့ကြောင်း သိရှိရသည်။






