၂၀၂၅ ခုနှစ်နှစ်ကုန်ပိုင်းမှ ၂၀၂၆ ခုနှစ်အထိ တိုက်ပွဲများ အရှိန်အဟုန်ဖြင့် ပိုပြီး ပြင်းထန်လာနိုင်ဖွယ်ရှိကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးသည်။
ယမန်နေ့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း သတိပေးပြောဆိုခြင်းဖြစ်သည်။
“ကျနော်တို့ရဲ့ သုတေသနနဲ့ မြေပြင်သတင်းအချက်အလက်တွေအရ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကနေ ၂၀၂၆ ခုနှစ်အထိ တိုက်ပွဲတွေဟာ အရှိန်အဟုန် ပိုပြီးပြင်းထန်လာနိုင်ဖွယ်ရှိနေပါတယ်။ အကြမ်းဖက် စစ် အုပ်စုဟာ သူတို့ ရှုံးနိမ့်ခါနီးလေလေ ပိုပြီး ရူးသွပ်လေလေ ဖြစ်လာနိုင်သလို ပြည်သူ့ကျေးရွာတွေကို မီးရှို့တာ၊ လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ပိုပြီး လုပ်ဆောင်လာနိုင်ပါတယ်” ဟု NUG ဝန်ကြီးချုပ်က သတိပေးသည်။
မကွေးဒေသနှင့်ပတ်သက်၍ ပြောဆိုရာတွင် မကွေးဒေသမှာ ခုခံတွန်းလှန်စစ်၏ ဆုံချက်ဖြစ်ပြီးအကြမ်း ဖက်စစ်တပ်ကောင်စီအတွက်လည်း အလွန်အရေးပါသည့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံများ အများကြီးရှိသည့်ဒေသဖြစ်ကြောင်း၊ စစ် တပ်က မကွေးဒေသကို အင်အားသုံး ဖိနှိပ်ရန် အမြဲတမ်းကြိုးစားနေကြောင်း ၎င်းက ဆက်လက် သတိပေးသည်။
“မကွေးဒေသရဲ့ အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် မကွေးဟာ ခုခံတွန်းလှန်စစ်တွေရဲ့ ဆုံချက် ဖြစ်သလို အကြမ်းဖက်စစ်ကောင် စီအတွက်လည်း အလွန်အရေးပါတဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံတွေ အများကြီးရှိတဲ့ ဒေသဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီဟာ မကွေးဒေသကို အင် အားသုံးပြီး ဖိနှိပ်ဖို့ အမြဲကြိုးစားနေတာပါ” ဟု ၎င်းက ဆိုသည်။
နွေဦးတော်လှန်ရေးနှင့်ပတ်သက်၍ စိန်ခေါ်မှုများ ဆက်လက်ရှိနေဆဲဖြစ်သော်လည်း မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ လက်တွဲမဖြုတ်ဘဲ ရှေ့ဆက်ကာ စစ်အာဏာရှင် တော်လှန်ရေး ဆက်လက် လုပ်ဆောင်သွားကြရန် NUG ဝန်ကြီးချုပ်က တိုက်တွန်းနှိုးဆော်သွားသည်။




