မကွေးတိုင်း၊ နတ်မောက်မြို့ရှိ KTV တစ်ခုတွင် စစ်တပ် အရာရှိနှင့် စကားများရန်ဖြစ်ခဲ့သည့် အရပ် သား ပြည်သူ အမျိုး သား ၄ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး PDF တပ်ဖွဲ့က သတ်ဖြတ်သည် ဟု လိမ်လည်ဝါဒဖြန့်နေကြောင်း နတ်မောက်မြို့နယ် ပကဖ တာဝန်ခံ ကို အဆိပ်သီးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၉ နာရီခွဲခန့်က နတ်မောက်မြို့နှင့် မြို့သစ်မြို့ကြားရှိ ကောင်းထက်ကောင်း KTV တွင် နတ်မောက်မြို့ပေါ်နေ ပြည်သူ ၄ ဦးဖြစ်သည့် အသက် ၄၂ နှစ်အရွယ် ကိုဇော်ထက်၊ ကို နေ ဝင်း၊ အသက် ၅၅ နှစ်အရွယ် ကိုချစ်တင်နှင့် အသက် ၃၃ နှစ်အရွယ် ကိုနေဝင်းနိုင်တို့ ၄ ဦးကို ယင်း KTV ဆိုင်အနီး စစ်တပ်ဂိတ်မှ လာရောက်ပျော်ပါးသည့် အရာရှိနှင့် စကားများရန်ဖြစ်ခဲ့ကြောင်း သိရ သည်။
ထိုသို့ စကားများရန်ဖြစ်ပြီးနောက် စစ်တပ်အရာရှိက ခြိမ်းခြောက်ပြောဆိုကာ ပြန်ထွက်သွား ကြောင်း၊ ကိုဇော်ထက်၊ ကိုနေဝင်း၊ ကိုချစ်တင်နှင့် ကိုနေဝင်းနိုင်တို့သည်လည်း KTV မှ ၎င်းတို့စီးနင်း လာသော မီနီအိုးဝေဖြင့် ပြန်ထွက်လာစဉ် မီတာ ၁၀၀ ခန့်အကွာအဝေးအရောက် ကားတစ်စီးဖြင့် လူ ၂ ဦးလိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ခဲ့ကြောင်း သိရသည်။
“KTV မှာ စကားများရန်ဖြစ်ရာကနေ စတာ၊ စစ်တပ်က အရာရှိက မင်းတို့ငါ့အကြောင့်သိမယ်လို့ ပြောပြီး ဂိတ်ကို ပြန်သွားတယ်၊ အသတ်ခံရတဲ့သူတွေကလည်း KTV ကနေ ပြန်အထွက် ဆိုင်နဲ့ မီတာ ၁၀၀ ဝန်းကျင်ပဲရောက်သေးတယ်၊ နောက်ကနေ ကားတစ်စီးနဲ့ နှစ်ယောက်ကနေ လိုက်လာပြီး ၄ ယောက် လုံးကို ပစ်သတ်သွားတာ၊ ပြည်သူတွေကို အကြောင်းမဲ့ ပစ်သတ်နေတာပါ။ မီနီအိုးဝေအဝါ လေးနဲ့ သွားကြတာ၊ ကိုဇော်ထက်က အိုးဝေပိုင်ရှင်ပါ။ ပြီးတော့ အိုးဝေကိုလည်း သိမ်းသွားတယ်။ ပြန်မပေးဘူး” ဟု နတ်မောက်မြို့နယ် ပကဖ တာဝန်ခံ ကို အဆိပ်သီးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ထိုသို့ သတ်ဖြတ်ခံရသည့် ပြည်သူ ၄ ဦးကို စစ်တပ်က PDF တပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်သည်ဟု လိမ် လည်ဝါဒဖြန့်ထားပြီး ယင်းပြည်သူ ၄ ဦးနှင့် စကားများရန်ဖြစ်ခဲ့သည့် စစ်တပ်အရာရှိကို အရေး ယူ ထားခြင်းမရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်က ပစ်သတ်ခဲ့သည့် အရပ်သားပြည်သူ ၄ ဦးအနက်မှ ၂ ဦး။




