စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၃၆ မိနစ်ခန့်တွင် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အလားတူ ယနေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင်လည်း ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း ကမ်းဖြူရွာ ၊ အမှတ် ၃ ကားလမ်း အနီးကိုလည်း အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၂၅၀ ဗုံးများကျဲချ တိုက်ခိုက်ပြီး စက်လက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ထို့ပြင် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ရှားကွဲရွာမှ ထုံးဘိုရွာကို ဆက်လက်ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူကာ ဆက်လက် စစ်ကြောင်းထိုးနေဆဲ ဖြစ်ကြောင်း၊ အလားတူ ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းရှိ ရှိမ်းမကားရွာမှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“စစ်ကြောင်းကလည်း ထိုးနေတယ်။ လေကြောင်းကလည်း ဝက်လက်မြို့နယ်ထဲကို နေ့စဉ်ကို ဗုံးကျဲနေတာ ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတာ ထောင်နဲ့ချီတယ်။ စစ်ခွေးတွေ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူတွေ ထိခိုက်ဒဏ်ရာရတယ်လို့တော့ မကြားရသေးဘူး။ ဗုံးတွေက ရွာပြင်ကို ကျရောက်ပေါက်ကွဲတာလို့ သိရတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်း ငါးပတ်ချောင်းကို အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၂၀၀ ဗုံး ၄ လုံးဖြင့် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ အသက် ၈၀ နှစ်အရွယ် ဒေါ်သန်းမြ ၊ အသက် ၇၅ နှစ်အရွယ် ဒေါ်ကျင် နှင့် အသက် ၂၅ နှစ်အရွယ် ကိုမင်းသန်း၊ အသက် ၁၄ နှစ်အရွယ် လူငယ် ၁ ဦး ၊ အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၃၅ နှစ်အရွယ် ဒေါ်မာသွယ်နှင့် အသက် ၈၀ ကျော် အရွယ် ဒေါ်ခင်တင့် တို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦးရှိကာ နေအိမ် ၄ လုံးနှင့် ကား ၃ စီး မီးလောင် ပျက်စီးမှုရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ – ဒီဇင်ဘာလ အတွင်း ဝက်လက်မြို့နယ် အတွင်းကို စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်သောကြောင့် ပျက်စီးသွားသော ပြည်သူပိုင် နေအိမ်များ






