26 C
Yangon

ပလောက်မြို့ရှိ စရဖရုံး၊‌ ထွေအုပ်ရုံး၊ ရဲစခန်း နှင့် ခမရ ၂၈၀ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ပခုက္ကူရှိ စစ်တပ် တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ စရဖရုံး၊‌ ထွေအုပ်ရုံး၊ ရဲစခန်း နှင့် ခမရ ၂၈၀ တပ်ရင်း တို့ကို ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်းKNDO Drone Forces မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ရက်နေ့မှ ၂၆ ရက်နေ့ အထိ ပလောက်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ စရဖရုံး၊‌ ထွေအုပ်ရုံး၊ ရဲစခန်း နှင့် ခမရ ၂၈၀ တပ်ရင်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခြင်းသည် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်သော အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို KNU တပ်မဟာ(၄)၊ KNDO တပ်ရင်း(၇) KNDO Drone Forces၊ KNU တပ်မဟာ(၄) အထူးတပ်ဖွဲ့ (KNLA Special Forces) နှင့် ပြည်သူ့ကာကွယ်‌ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် အကြမ်းဖက်စစ်ကော်မရှင် ခလရ ၂၅၂ တပ်ရင်းနှင့် ထောက်ပို့တပ် အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း COBRA ONE တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်က ပခုက္ကူမြို့အခြေစိုက် အကြမ်းဖက်စစ် ကော်မရှင်၏ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်နှင့်ထောက်ပို့တပ်အတွင်းသို့ တာဝေး ပစ် ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်အတွင်းသို့ တည့်မတ်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“တော်တော်များများ ထိတယ်လို့တော့ သိရပါတယ်။ အခုလက်ရှိအထိတော့ ကင်းပုန်းတွေချတုန်းပဲ။ အပေါ်ကလည်း စက်တပ်လေထီးက ရှိနေတော့ အတော်ကြိုးစားခဲ့ရတယ်။ လက်နက်ကြီးတွေနဲ့ လည်း ပြန်ပစ်တယ်။ စစ်ကြောင်းနဲ့လာပိတ်လို့ ၂ လုံးပဲ ပစ်ခတ်နိုင်ခဲ့တာ။ ကျနော်တို့မှာ ထောက်ပံ့မှု တွေရရှိမယ်ဆိုရင် အခုထက်ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါတယ်။ လိုအပ်တာကတော့ ဒရုန်းအကြီး တစ်စင်းရှိရင် ဝေဟင်ကနေ ရော့ကတ်တွေတင်ပြီး ဗုံးကျဲတိုက်ခိုက်နိုင်မှာပါ” ဟု COBRA ONE တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ စစ်ကားများဖြင့်လည်း ပိတ်ဆို့ခဲ့သည့်အပြင် စက်တပ်လေထီး ပါရာမိုတာဖြင့်လည်း လိုက်လံရှာဖွေကာ ကင်းထောက်ခဲ့ ကြောင်း၊ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE တပ်ဖွဲ့မှ ပစ်ခက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article