ရန်ကုန်၊ ဒီဇင်ဘာ ၂၇
ပဲခူးတိုင်း၊ ပြည်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် မဲရုံ ၃ ခုအနီး ယနေ့ ညပိုင်း မိုင်းများ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီခန့်တွင် ပြည်မြို့နယ် ဝက်ထီးကန်နယ်မြေ လွှစင်ကျေးရွာအုပ်စု အတွင်းရှိ လယ်ဘဲ့ကျေးရွာ အကြမ်းဖက် စစ်တပ် မဲရုံးအနီး မိုင်း ၁ လုံးပေါက်ကွဲခဲ့ကြောင်း၊ အလားတူ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ဝက်ထီးကန် ရဲစခန်းနှင့် အရှေ့စျေးမဲရုံ အနီးတွင် မိုင်း ၁ လုံးပေါက်ကွဲခဲ့ကြောင်း၊ ထို့ပြင် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ပြည်မြို့နယ် ဝက်ထီးကန်နယ်မြေ ဝက်မြေတောကျေးရွာအုပ်စုအတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ဝက်မြေတောကျေးရွာမဲရုံ အနီးတွင် မိုင်း ၁ လုံး ထပ်မံ ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“အသံတွေကတော့ တော်တော်ကျယ်တယ်။ ပြည်သူတွေလည်း ဘာဆက်ဖြစ်မလဲ နားစွန့်နေကြတယ်။ မနက်ဖြန် ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေကလည်း မဲလာမပေးမနေရပြောပြီး ဖိအားပေးထားတယ်။ မိုင်းခွဲရင်လည်း သူတို့ ထိအောင်လုပ်စေချင်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုသို့ ဖောက်ခွဲ တိုက်ခိုက်ခြင်းသည် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်မည့် အတုယောင် ရွေးကောက်ပွဲ အကြို ဖောက်ခွဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ မည်သည့်တပ်ဖွဲ့က တိုက်ခိုက်သည်ကို အတည်မပြုနိုင်သေးကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အနီး ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်နေကာ စစ်တပ်က မြို့တွင်း၌ တပ်ဖြန့်ထားပြီး စစ်ကားများဖြင့် ကင်းလှည့်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညပိုင်းတွင် ထားဝယ်မြို့အနီး လက်နက်ကြီး ပေါက်ကွဲသံများ၊ သေနတ်သံများ ဆက်တိုက် ထွက်ပေါ်နေပြီး အကြမ်းဖက် စစ်တပ်ကလည်း မြို့တွင်း၌ တပ်ဖြန့်ထားကာ စစ်ကားများလည်း ခြေရှုပ်နေကြောင်း သိရသည်။
ထို လက်နက်ကြီးပေါက်ကွဲသံများနှင့် သေနတ်သံများသည် ထားဝယ်မြို့ နှင့် လောင်းလုံးမြို့ အစပ်ရှိ ကမြောကင်း တံတားဘက်မှ လာသည်ဟု ပြောဆိုသော်လည်း အတည်မပြုနိုင်သေးကြောင်း၊ လက်ရှိမြို့ပေါ်တွင်လည်း တိတ်ဆိတ်နေပြီး အကြမ်းဖက် စစ်တပ်၏ စစ်ကား ၁၈ စီးပါ ယာဉ်တန်းက ကင်းလှည့်နေကြောင်း သိရှိရသည်။
“ထား၀ယ်မြို့အနီးတ၀ိုက် ပေါက်ကွဲသံတွေ နေရာတော်တော်များများက ကြားနေရတယ်။ အသံတွေတော့ အစုံပဲ အလုံးကြီး၊ အလုံးငယ် ပေါက်ကွဲသံတွေ ထား၀ယ်မြို့ပေါ်ကနေ ကြားနေရတယ်။ ထား၀ယ်မြို့ပေါ်မှာလည်း စစ်ခွေးတွေငက လုံခြုံရေး တိုးမြှင့်ထားတယ် နေရာတိုင်းမှာ စစ်ခွေးတွေရှိတယ်။ ပေါက်ကွဲသံတွေက ကမြောကင်း တံတားဘက်က လာတယ်လို့ ပြောပေမယ့် နေရာအစုံကနေ ကြားနေရတာ တစ်နေရာတည်းတော့ မသိဘူး။ ဘယ်နေရာတွေမှာ ပေါက်ကွဲတာလဲတော့ မသိဘူး။ ဘယ်သူမှလည်း ထွက်မကြည့်ရဲကြဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ထား၀ယ်မြို့ပေါ်တွင် အတုယောင် ရွေးကောက်ပွဲ လုံခြုံရေးအတွက် အင်အား ၃၀၀ ကျော် ဖြည့်တင်းထားပြီး ယနေ့ နံနက်ပိုင်းမှ စတင်ကာ မြို့ပေါ် နေရာအားလုံးတွင် လက်နက်ကိုင်ဆောင်ထားသော စစ်ကား ၁၈ စီးပါ ယာဉ်တန်းက အင်အားပြလှည့်ပတ်သွားနေခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ညအချိန် ကင်းလှည့်နေကြသည့် အကြမ်းဖက်စစ်ကောင်စီ လက် အောက်ခံ ရဲတပ်ဖွဲ့ (ပုံအဟောင်းဖြစ်သည်)




