26 C
Yangon

ညောင်ဦးမြို့နယ်တွင် မဲရုံ​စောင့်နေသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ ချောက်မြို့နယ်တွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

မန္တလေးတိုင်း​၊ ညောင်ဦးမြို့နယ်၊ နတ်ပလ္လင်​ရွာနှင့် ကန်​စောင့်​ရွာတို့တွင် မဲရုံ​စောင့်နေသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း People’s Democratic Army – PDA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ ည​နေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ​ညောင်ဦးမြို့နယ်၊ နတ်ပလ္လင်​ရွာနှင့် ကန်​စောင့်​ရွာတို့ရှိ မဲရုံများကို ကင်းစောင့်ရန် တပ်စွဲထား​သော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် အကြမ်းဖက် စစ်တပ်က နတ်ပလ္လင်​ကျေးရွာ၊ ကန်​စောင့်​ကျေးရွာ၊ ပြွန်ကျေးရွာ၊ ​​ညောင်ပင်ကန်ကျေးရွာနှင့် ​ရွှေလှိုင်း​ကျေးရွာများရှိ မဲရုံများကို ပြန်လည်​ရုပ်သိမ်းသွားခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး ထပ်တိုးသေစာရင်းကတော့ လော​လောဆယ် ထပ်သိရတာ မရှိ​သေးပါဘူး။ ရန်သူ့ဘက်က စစ်​ကြောင်းထိုးဖို့ ပြင်လာတာရှိ​တော့ စုံစမ်းလို့ မရ​သေးဘူး။ မဲ​ရုံ​စောင့် စစ်ခွေးက တစ်ရွာကို ၂၀ လောက်ရှိပါမယ်။ လက်နက်ရရှိတာ​တော့ မရှိပါ​ဘူး။ ကျ​နော်တို့ ဘက်က​တော့ သူတို့​တရားမဝင်ရွေး​ကောက်ပွဲကို မဖြစ်​​အောင် မကျင်းပနိုင်​အောင် တားဆီးရမယ့်တာဝန်ရှိပါတယ် “ဟု People’s Democratic Army – PDA မှ တာဝန်ရှိသူကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ဒီမိုကရက်တစ်တပ်​တော် (PDA) ၏ ဦး​ဆောင်မှုနှင့်အတူ မဟာမိတ်အဖွဲ့များဖြစ်​​သော ဧရာ​ဒေါင်း၊ Chauk Revolution Army (CRA) တို့က ပူး​ပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ဒီမိုကရက်တစ်တပ်​တော် (PDA) အနေဖြင့် အကြမ်းဖက် စစ်တပ် ပြုလုပ်လျက်ရှိ​သော ​တရားမဝင်ရွေး​ကောက်ပွဲကို ရရာနည်းလမ်းဖြင့် တွန်းလှန်​ချေဖျက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအ​နေဖြင့် စစ်​တပ်က ပြုလုပ်​နေ​သော ​တရားမဝင်ရွေး​ကောက်ပွဲကို သွား​ရောက် မဲမ​ပေးခြင်းဖြင့် ​တော်လှန်​ရေး အဖွဲ့အစည်းများကို အကူအညီ​ပေးကြနှင့် ​တရားမဝင်ရွေး​ကောက်​ရွေး​ကောက်ပွဲကို ​ထောက်ခံမှု မပြုလုပ်ကြရန် People’s Democratic Army – PDA က အသိပေးနှိုးဆော်ထားသည်။

အလားတူ မကွေးတိုင်း၊ ချောက်မြို့နယ် အမှတ် ၃ ပြည်ထောင်စု လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း ချောက်မြို့နယ် ပကဖ လက်ရုံးစစ်ကြောင်းမှ စစ်ကြောင်းမှူး ဖြိုးထက်နိုင် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် ရေနံချောင်းမြို့နယ်မှ ချောက်မြို့နယ်ကို စစ်ကူပေးရန် လာသော စစ်တပ် ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ချောက်မြို့နယ် အမှတ် ၃ ပြည်ထောင်စု လမ်းပိုင်း တနေရာတွင် ကြားဖြတ်ပြီး မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး နှင့် စစ်သား ၁၁ ဦးသေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူများလည်း များပြားကြောင်း၊ ချောက်မြို့နယ်အတွင်း ထိုးစစ်ဆင်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကိုလည်း ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် မကွေးခရိုင် ပကဖ တပ်ခွဲ ၆ ခွဲ တို့က ပူးပေါင်း၍ ဆက်လက် ကာကွယ်လျှက် ရှိကြောင်းသိရှိရသည်။

“ခွေးယာဉ်တန်းမှာ လူအင်အားက ၆၀ ကျော်လောက်ပါမယ်လို့ ခန့်မှန်းရတယ်။ ကား ၃ စီးနဲ့ လာတာပါ။ ရေနံချောင်းကနေ ချောက်ကို သွားတာ မဲရက်အတွင်းမှာ လူအင်အားဖြည့်တင်းတဲ့ သဘောမျိုးလုပ်နေတာဆိုတော့ ချောက်ကိုသွားတဲ့ ယာဉ်တန်း ၃ စီးကို ကျွန်တော်တို့ ကြားဖြတ်တိုက်ခိုက်လိုက်တယ်။ တိုက်ခိုက်လိုက်ပြီးတော့ အဲဒီ ယာဉ်တန်း သုံးစီးက ဆက်မသွားတော့ဘူးလို့ ကျွန်တော်တို့ သိရှိရတယ်။ တချို့ကားတွေ အနည်းငယ် ပျက်စီးသွားကြတယ်။ ပျက်စီးမှု တော်တော်များများဖြစ်သွားတဲ့ အတွက် အဲဒီကားတွေက ချောက်မြို့ကို ဆက်သွားလို့ မရတဲ့ အတွက် ဂွေးပင် ရဲစခန်းကနေပြီးတော့ စစ်ကား တစ်စီးက လူသွားခေါ်ဖို့ သွားတာကို ကျွန်တော်တို့ ထပ်ပြီး မိုင်းဆွဲတိုက်ခိုက်လိုက်တဲ့အတွက် အဲဒီကားကလည်း ဂွေးချိုနားက အခွန်ကောက်တဲ့ ဂိတ်နားမှာပဲ ပျက်စီးသွားတယ်။ စစ်ခွေးဘက်ကတော့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးမရှိဘူး။ စစ်ခွေးသေတာက အရာရှိ ၁ ဦး နှင့် စစ်သား ၁၁ ဦးသေဆုံးတို့က ပွဲချင်းပြီးသေဆုံးသွားတယ်။ မျက်မြင်တွေ ရှိချက်တွေလည်းပါတယ်” ဟု ချောက်မြိုနယ် ပကဖ လက်ရုံးစစ်ကြောင်း မှ စစ်ကြောင်းမှူး ဖြိုးထက်နိုင် က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ချောက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ( ချောက် ပကဖ ) နှင့် မကွေးခရိုင် ပြည်သူ့ ကာကွယ်ရေးအဖွဲ့တို့ ဦးဆောင်ကာ Chauk Guerrilla Force ( ချောက်မြို့နယ် ပကဖ လက်ရုံးစစ်ကြောင်း ) နှင့် မကွေး ခရိုင် ပကဖ တပ်ခွဲ ( ၁ ) အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ မကွေးခရိုင် ပကဖ တပ်ခွဲ ( ၂ ) မြေလတ်ရေနံ့သာအဖွဲ့ ၊ မကွေးခရိုင် ပကဖ တပ်ခွဲ ( ၃ ) Chauk Revolution Force ၊ မကွေးခရိုင် ပကဖ တပ်ခွဲ ( ၄ ) ၊ မကွေးခရိုင် ပကဖ တပ်ခွဲ (၅) Chauk Special Attack Force ၊ မကွေးခရိုင် ပကဖ တပ်ခွဲ ( ၆ ) သခင်ဖိုးလှကြီးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article