မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ခမရ ၄၁၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ကိုဆန်းမင်းအောင် သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း TYK ပြောက်ကြားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မြိုင်မြို့နယ် တွင်းမပျူစောထီးစခန်းမှ သရက်ကန်ပျူစောထီးရွာသို့ ကား ၃ စီးဖြင့် ရိက္ခာပို့ရန် လာသော အင်အား ၂၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းမှ စစ်မှုထမ်း တပ်သားသစ် ကိုဆန်းမင်းအောင် သည် သေနတ် ၁ လက်နှင့်ခဲယမ်းယူဆောင်လာပြီး မြိုင်ပကဖ လက် အောက်ခံ TYK ပြောက်ကြားတပ်ဖွဲ့၊ ဒေါင်းမာန်တပ်ဖွဲ့ နှင့် ဒေါင်းညီနောင် တပ်ဖွဲ့တို့ထံသို့ ဆက်သွယ် အလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။
အလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ် ကိုဆန်းမင်းအောင်သည် MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ဘောက်၊ ကျည် ၁၂၃ တောင့် ယူဆောင်လာကြောင်း၊ ၎င်းသည် စစ်မှုထမ်း အပတ်စဉ် ၁၃ ဆင်းဖြစ်ပြီး စစ်မှုထမ်း သင်တန်းကျောင်းကို ဟိုပုံးတွင် တက်ရောက်ခဲ့ရကြောင်း သိရသည်။
“တွင်းမကနေ သရက်ကန် လာတဲ့ လမ်းကြောင်းမှာ ကျနော်တို့နဲ့ အဆက်အသွယ်ရခဲ့တာပါ။ သူထွက် ပြေးလာတာတော့ သရက်ကန် အရောက်မှာ ထွက်ပြေးလာတာပါ။ အလင်းဝင်ရောက်လာတဲ့သူက ဒီဇင်ဘာလ ၂၆ ရက်နေ့ကပါ။ သူက စစ်မှုထမ်း အပတ်စဉ် ၁၃ကပါ။ စစ်မှုထမ်းသင်တန်းကို ဟိုပုံး မှာ တက်ခဲ့တယ်လို့ သိရတယ်။ အင်းတော်အခြေစိုက်အမှတ် ၉၉ လက်အောက်ခံ ခမရ ၄၁၈ တပ်ရင်းကို ပို့ဆောင်ခံရတာ သူက မကွေးမြို့ပေါ်မှာ အလုပ်လုပ်ရင်း ပေါ်တာ ဆွဲခံခဲ့ရတာလို့ပြောပါတယ်။ ဆုချီးမြှင့်တာတွေဆက်လုပ်သွားမှာပါ။ အခုတော့ မချီးမြှင့်ရသေးပါဘူး။ ကျနော်တို့လည်း စစ်ကြောင်းနဲ့ ရှုပ်ထွေးနေသေးလို့ပါ”ဟု TYK ပြောက်ကြားတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မြို့သစ်မြို့နယ်၊ မင်းသာကျေးရွာတွင် တပ်စွဲထားသော ခလရ ၂၂၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း တမူးခရိုင် ၊ အမှတ် -၂ တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။
ဇူလိုင်လ ၁၁ ရက်နေ့တွင် မြို့သစ်မြို့နယ်၊ မင်းသာကျေးရွာတွင် တပ်စွဲထားသော ခလရ ၂၂၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် နေဝင်းထွန်း(ခ)ကိုပိုင် သည် သေနတ်ယူဆောင်လာခြင်းမရှိဘဲ တမူးခရိုင် အမှတ်၂ တပ်ရင်းသို့ အလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။
ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ် တပ်မ ၂၂ မှ စစ်မှုထမ်း တပ်သား ၃ ဦး သေနတ်ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်ရောက်လာခဲ့ကြောင်း Black Panther Column က သတင်းထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဘားအံမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ် တပ်မ ၂၂ မှ စစ်မှုထမ်း တပ်သား ၃ ဦးသည် သေနတ်ယူဆောင်လာခြင်းမရှိဘဲ KNU/KNLA ၊ ဗျူဟာအမှတ် (၃၂) တော်လှန်ရေးတပ်ဖွဲ့များထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








