ရန်ကုန်၊ ဇန်နဝါရီ ၁
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မင်းကန်ရွာရှိ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့်နေသော စစ်တပ်နှင့် မြို့မရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း DSNDA မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့ မင်းကန်ရွာအနီးရှိ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့်နေသော အကြမ်းဖက် စစ်တပ်နှင့် တောင်သာမြို့နယ် မြို့မ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တရုတ် ဂတ်စ်ပိုက်လိုင်းစောင့်နေသော အကြမ်းဖက် စစ်တပ်သို့ တောင်သာမြို့မရဲစခန်းမှ စစ်ကား ၂ စီးဖြင့် ထပ်မံ အင်အားဖြည့်တင်းခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ ကျွန်တော်တို့ ဆက်လက်စုံစမ်းဆဲပါ။ ကျွန်တော်တို့ လက်နက်ကြီးနဲ့ ပစ်တာတော့ တောင်သာ ရဲစခန်းကိုပစ်တာ ကွက်တိကျတဲ့ အလုံးလည်းရှိတယ်။ ရဲစခန်း ရှေ့နားသွားကျတာလည်းရှိတယ်။ အဲဒါတော့ မီတာ ၅၀၀ လောက်က ပစ်တာ ပြီးတော့ ကျွန်တော် လက်နက်အသေးနဲ့ ပစ်တာတော့ ဂတ်စ်ပိုက်လိုင်းစောင့်တဲ့ကောင်တွေကို ပစ်တာ မီတာ အရမ်းမဝေးဘူး မီတာ ၅၀ လောက် အနီးကပ်တိုက်ခိုက်ခဲ့တာ အဲဒီမှာ ဂတ်စ်ပိုက်လိုင်းစောင့်တဲ့ကောင်တွေနဲ့ ဒီရဲစခန်းနဲ့ဆိုရင် ဘယ်လိုပြောမလဲ မီတာ ၅၀၀ လောက်ပဲ ကွာမှာပေါ့။ ရဲစခန်းရော ဂတ်စ်ပိုက်လိုင်းစောင့်နေတဲ့ကောင်တွေကော တစ်ပြိုင်နက် တည်း တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးဘက်က ထိခိုက်သေဆုံးမှုများ ရှိနိုင်တယ်။ ထိခိုက်ကျဆုံးမှုကတော့ သေချာပေါက်ရှိမှာ ။ ကျနော်တို့ အသေအချာ အတည်မပြုနိုင်သေးလို့” ဟု DSNDA မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Taung Tha People Defense Force (TTA-PDF) ၊ DSNDA နှင့် ၀ဲလောင်တိုင်နယ် ပကဖတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့ပေါ်သို့ အင်အားဖြည့်လာသော စစ်ကူ စစ်တပ်နှင့် မြို့ကို ပိတ်ဆို့ထားသော တော်လှန်ရေးတပ်များအကြား ယနေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဘုတလင်မြို့အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဘုတလင်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးတပ်များက ဆင်နွှဲခဲ့သော်လည်း စစ်တပ်ဘက်မှ စစ်ကူအင်အားများဖြည့်တင်းလာခြင်း၊ လက်နက်ခဲယမ်း မလုံလောက်ခြင်းတို့ကြောင့် မြို့ကို ယာယီ ထိန်းကာ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း၊ ယင်းနောက် မြို့ကို ဝိုင်းရံပိတ်ဆို့ထားချိန် စစ်တပ်က စစ်ကူအင်အားများဖြည့်လာသဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရှိရသည်။
“စခ စစ်ကူတပ်တွေနဲ့ ဖြစ်တာပါ။ လက်ရှိကတော့ စစ်ရေးက တင်းမာနေတုန်းပဲ။ စစ်တပ်ကလည်း မြို့ကို မကျအောင် စစ်ကူအင်အားတွေ ထပ်ပြီးတော့ ဖြည့်နေတယ်။ လေကြောင်းရန်ကလည်း ရှိနေပါသေးတယ်။ စခတွေကတော့ မြို့ပေါ်ကို အင်အားတွေ ရသလောက်ပို့နေတာ တွေ့ရတယ်” ဟု ဘုတလင်မြို့အခြေစိုက် တော် လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ဘုတလင်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်များဘက်မှ ၆ ဦး ကျဆုံးခဲ့ရကြောင်း သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ဘုတလင်မြို့သိမ်းတိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တချို့။
Photo – Pyae Phyo Maung Maung Facebook ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




