36 C
Yangon

ကမ္မမြို့၊ ရွာသစ်ရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး ပြည်သူ ၃၀ ကျော်ကို ရိုက်နှက်ဖမ်းဆီးကာ ကျေးရွာ ၄ ခုကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ ၊ ရွာသစ်ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး ပြည်သူ ၃၀ ကျော်ကို ရိုက်နှက်ဖမ်းဆီးကာ ကျေးရွာ ၄ ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပခုက္ကူမြို့နယ်ရှိ သရက်ကန်ရွာနှင့် ညောင်ကွေ့သစ်ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသော နေအိမ် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည်‌ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကမ္မမြို့နယ်၊ ရွာသစ်ရွာကို ထပ်မံ ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၆၀ ကျော်အရွယ်များ အပါအဝင် ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးနှိပ်စက်ပါ ရွာထဲရှိ နေအိမ် ၁ လုံးနှင့် ဈေးဆိုင် ၁ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့တွင် ထိုစစ်ကြောင်းသည် ၎င်းတို့ ဖမ်းဆီးထားသော ပြည်သူ ၃၀ ကျော်ကို လက်ပြန်ကြိုးတုတ်၍ လူသားဒိုင်း ပြုလုပ်ကာ ပုတီးတွင်းရွာကို ခေါ်ဆောင်သွားကြောင်း၊ ထို့နောက် ပုတီးတွင်းရွာတွင် စစ်ကြောင်းက ညအိပ်ပြီး ပြည်သူပိုင်ပစ္စည်းများကို စိတ်ကြိုက်ခိုးယူကာ နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် စစ်တပ် စစ်ကြောင်းသည် ကမ္မမြို့နှင့် မြိုင်မြို့နယ် အစပ်ရှိ ဖောင်ကျောင်းကျေးရွာကို ရောက်ရှိလာပြီး ဇန်နဝါရီ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကန်တော်ကျေးရွာရှိ စစ်တပ် စစ်ဆေးရေးဂိတ် အထိုင်စခန်းကို ရောက်ရှိသွားကြောင်း၊ ထို့ပြင် ၎င်းတို့ ဖမ်းဆီးသွားသော ပြည်သူ ၃၀ ကျော်ကိုလည်း လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

“အဲ့ဒီ စစ်ခွေးစစ်ကြောင်းက ရွာသစ်ကျေးရွာကို ဝင်ရောက်လာတဲ့ အချိန်မှာ အင်အားက ၂၀၀ ကျော်ပါတယ်။ သူတို့ ရွာသစ်ကျေးရွာ အတွင်းမှာ ညအိပ်ပြီး ပြည်သူပိုင် ပစ္စည်းများကို လုယက်နေတုန်း ရွာထဲမှာ ပိတ်မိနေတဲ့ အသက် ၆၀ ကျော် အရွယ်တွေ အပါအဝင် ပြည်သူ အယောက် ၃၀ ကျော်ကို ဖမ်းဆီး နှိပ်စက်တာ ပြည်သူပိုင် နေအိမ် ၁ လုံးနဲ့ ဈေးဆိုင် ၁ ဆိုင်ကိုလည်း မီးရှို့ဖျက်ဆီးသွားပါတယ်။ အဖမ်းဆီးခံရတဲ့ အပြစ်မဲ့ ပြည်သူများရဲ့ မိသားစုဝင်များက စိုးရိမ်နေကြတယ်။ စစ်ခွေးတွေက အသက် ၆၀ ကျော် ပြည်သူ ၁ ဦးကို သေလုနီးပါးပဲ ရိုက်နှက်ထားတာလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – နွေဦးတော်လှန်ရေး လူထုဆန္ဒပြပွဲအတွင်း အကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူများ ဖမ်းဆီးထားစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article