အမေရိကန်က ဖမ်းဆီးလိုက်တဲ့ သမ္မတ နီကိုးလပ်စ် မာဒူရို နဲ့ ဇနီးဖြစ်သူ စီလီယာ ဖလောရက်စ် တို့ကို နယူးယောက်မြို့ကို ခေါ်ဆောင်လာပြီး မူးယစ်ဆေးဝါးမှု၊ လက်နက်မှု အပါအဝင်ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုမယ်လို့ ကနဦး သတင်းတွေအရ သိရှိရပါတယ်။
လတ်တလော ဗင်နီဇွဲလားနိုင်ငံကို သမ္မတထရမ့်က “အခုတော့ ဒီနိုင်ငံကို ငါတို့ပဲ အုပ်ချုပ်တော့မယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဗင်နီဇွဲလားသမ္မတကို နယူးယောက် ဖက်ဒရယ်တရားရုံးက ထုတ်ပြန်လိုက်တဲ့ စွဲချက်တွေအရ မူးယစ် ဆေးဝါးမှု (Narco-terrorism)၊ကိုကင်းတွေ အမေရိကန်ထဲ တင်သွင်းမှု၊ လက်နက်မှုတွေနဲ့ တရားစွဲထားပါတယ်။ ဒါ့အပြင် မာဒူရိုရဲ့ ဇနီး၊ သားဖြစ်သူနဲ့ တခြားအဆင့်မြင့်အရာရှိတွေလည်း အမှုဖွင့်ခံထားရပါတယ်။
အမေရိကန် ရှေ့နေချုပ် ပမ်ဘွန်ဒီကတော့ “မာဒူရိုတို့ ဇနီးမောင်နှံဟာ မကြာခင်မှာ အမေရိကန်မြေပေါ်က တရားရုံးတွေမှာ အမေရိကန်ဥပဒေရဲ့ ပြင်းထန်တဲ့ အပြစ်ပေးမှုကို ခံရတော့မယ်” လို့ X မှာ ရေးသားထားပါတယ်။
အမေရိကန်ရဲ့ စွဲချက်စာလွှာအရ ဗင်နီဇွဲလားခေါင်းဆောင်တွေဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်ကတည်းက သူတို့ရဲ့ ရာထူးကို အလွဲသုံးစားလုပ်ပြီး ကိုကင်းတန်ချိန်ပေါင်းများစွာကို အမေရိကန်ထဲ တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။
၁၉၉၉ ခုနှစ်လောက်ကတည်းက မာဒူရိုတို့အဖွဲ့ဟာ မက္ကဆီကိုက Sinaloa နဲ့ Zetas ဂိုဏ်းတွေ၊ ကိုလံဘီယာ မူးယစ်အကြမ်းဖက်အဖွဲ့တွေ၊ ဗင်နီဇွဲလားက Tren de Aragua ဂိုဏ်းတွေနဲ့ ပေါင်းပြီး မူးယစ်ဆေးဝါးတွေ ပို့ခဲ့တာလို့ စွပ်စွဲထားပါတယ်။
ဒါ့အပြင် သံတမန် နိုင်ငံကူးလက်မှတ်တွေကိုလည်း အလွဲသုံးစားလုပ်မှုတွေကို ဗင်နီဇွဲလားသမ္မတ မာဒူရိုဟာ ၂၀၀၆ နဲ့ ၂၀၀၈ ကြား နိုင်ငံခြားရေးဝန်ကြီး လုပ်စဉ်တုန်းက ကျူးလွန်ခဲ့ပါသေးတယ်။ မူးယစ်မှောင်ခိုသမားတွေကို ဗင်နီဇွဲလားရဲ့ သံတမန်ပတ်စပို့ (Diplomatic Passport) တွေ ရောင်းစားခဲ့တယ်လို့ ဆိုပါတယ်။ ဒါမှသာ မူးယစ်ဆေးဝါးကရတဲ့ ပိုက်ဆံတွေကို သံတမန်အကာအကွယ်နဲ့ မက္ကဆီကိုကနေ ဗင်နီဇွဲလားကို သယ်လို့ရမှာမို့လို့ပါ။
ဒါ့အပြင် သူတို့ဇနီးမောင်နှံဟာ ဗင်နီဇွဲလားရဲတပ်ဖွဲ့က သိမ်းဆည်းထားတဲ့ ကိုကင်းတွေကိုတောင် ပြန်ထုတ်ပြီး မှောင်ခိုလုပ်ခဲ့ကြတယ်လို့ စွဲချက်မှာ ပါပါတယ်။ သူတို့မှာ ကိုယ်ပိုင်ဂိုဏ်းတွေရှိပြီး ပိုက်ဆံပေးဖို့ ပျက်ကွက်သူတွေကို ပြန်ပေးဆွဲတာ၊ ရိုက်နှက်တာနဲ့ သတ်ဖြတ်တာတွေ လုပ်ဖို့ အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဒီစွဲချက်တွေဟာ ၂၀၂၀ ခုနှစ် ထရမ့်ရဲ့ ပထမသက်တမ်းတုန်းက စွဲခဲ့တဲ့အမှုတွေကို ထပ်တိုးလိုက်တာပါ။ အဲဒီတုန်းကတော့ မာဒူရိုက ဒါတွေကို ငြင်းဆိုခဲ့ပြီး အမေရိကန်နဲ့ ဆွေးနွေးချင်တယ်လို့ ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ အခု ဒုတိယသက်တမ်းမှာတော့ ထရမ့်က မာဒူရိုကို ဖမ်းဆီးပေးနိုင်ရင် ဆုကြေးငွေ ဒေါ်လာ သန်း ၅၀ အထိ တိုးမြှင့်ခဲ့ပြီး အခုလို ဝင်ရောက်ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ကလည်း ဗင်နီဇွဲလားအစိုးရကို နှိပ်စက်ညှဉ်းပန်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ မတရားဖမ်းဆီးမှုတွေအတွက် စုံစမ်းစစ်ဆေးနေတာလည်း ရှိနေပါတယ်။




