တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ၂၀၂၅ ခုနှစ် အတွင်း ဖမ်းဆီးရမိခဲ့သော WY စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၃ ပြား ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားသို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် ဆက်စပ်နေသည့် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူများကို ဖမ်းဆီးပြီး မူးယစ်ဆေးများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး တရားစီရင်ရေးအဖွဲ့၊ ပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် ပြည်သူလူထု အသိသက်သေများ ရှေ့မှောက်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး WY စိတ်ကြွဆေးပြား ၂၀၇၅ ပြား၊ WY အမှုန့် ၁၉၇ ထုတ်နှင့် ICE ၅ ခဲတို့ကို မီးရှို့ရှင်းလင်းခဲ့ကြောင်းသိရသည်။
မူးယစ်ဆေးဝါး အမှုအများစုမှာ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းပေါ်တွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး တချို့အမှုများသည် သတင်းအတိအကျရရှိသောကြောင့် သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ အမှုများသည် လွန်ခဲ့သော ၁၁ လနှင့် ၆ လ ဝန်းကျင်ကပင် စတင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများအရ အမှုစီရင်ပြီးပြတ်ချိန်တွင် ယခုကဲ့သို့ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ကြောင်း သိရသည်။
“မီးရှို့ဖျက်ဆီးခဲ့တာကတော့ ရာဇသတ်ကြီးအမှု ၁၂/၂၃ ၊ ၃၄/၂၅ အမှုတွဲ ၃ ခုက သက်သေခံပစ္စည်းတွေ ဖြစ်ပါတယ်။ ဒီအမှုတွေက တရားခံတွေဟာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေသူတွေပဲ ဖြစ်ပါတယ်။ အတိကျကတော့ လုံခြုံရေးအရ ပြောလို့မရနိုင်သေးဘူး။ အမှုတစ်ခုမှာ တရားခံ ၁ ဦးစီကနေ ၅ ဦးအထိ ပါဝင်ပြီး လက်ရှိမှာတော့ CDM ရဲတွေ ဦးဆောင်တဲ့ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ ပလဖ အချုပ်ခန်းတွေမှာ အမိန့်ချမှတ်ပြီး ထောင်ဒဏ်ကျခံစေခြင်းနဲ့ ထိန်းသိမ်းထားပါတယ်” ဟု ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ကန့်ဘလူမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် ဒေသန္တရ တော်လှန်ရေးအုပ်ချုပ်ရေးအဖွဲ့များက ယခုကဲ့သို့ မူးယစ်ဆေးဝါး ဖမ်းဆီးဖျက်ဆီးခြင်းကို ပထမအကြိမ်နှင့် ဒုတိယအကြိမ်များတွင်လည်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။






