တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(ခေါ်) တစညပါတီကို ရေးသားတိုက်ခိုက်ခဲ့သော ဘူးလက်လှဆွေကို အရေးယူပေးရန် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်-UECထံသို့ တစညပါတီက တိုင်ကြားခဲ့သော်လည်း တစ်စုံ တစ်ရာ အရေးယူမှုမရှိကြောင်း ကြံ့ခိုင်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ကြံ့ဖွတ်ပါတီမှ ဘူးလက်လှဆွေက ၎င်း ထုတ်ဝေနေသော ဒီဇင်ဘာလ ၁၁ ရက်နေ့ ဘူးလက်ဂျာနယ်တွင် တစည ပါတီနှင့်ပတ်သက်၍ ဝေဖန်ရေးသားခဲ့ကြောင်း၊ ထိုသို့ ရေးသားရာတွင် ဘူးလက်လှဆွေက တစညပါတီမှာ မူလလမ်းစဉ်ပါတီခေတ်က ရေရှည်ရပ်တည်လာခဲံသော ပါတီဖြစ်ခဲ့၍ မြို့နယ်များတွင် ပါတီရုံးခန်း ဆကလက်ရှိနေခြင်းသာ အားသာချက်ဖြစ်ပြီး လက်တွေ့အားဖြင့် ကိုယ်စားလှယ်လောင်းတို့၏ မဲဆွယ်ဗီနိုင်းဆိုင်းဘုတ်ပင်လျှင် မတွေ့ရသလောက်ဖြစ်နေကြောင်း ဝေဖန်ရေးသားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဝေဖန်ရေးသားချက်ကို အရေးယူပေးရန် တစညပါတီက ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် UEC သို့ တိုင်ကြားခဲ့သော်လည်း လှဆွေကို အရေးယူမှု တစ်စုံတစ်ရာမလုပ်ဘဲ ခေါ်ယူ မေးမြန်းမှုသာ ရှိကြောင်း သိရှိရသည်။
“တစညပါတီက တိုင်တာက အရေးယူမှုတော့ မရှိပါဘူး။ ဇန်နဝါရီလ ၂ ရက်နေ့မှာ ဦးလှဆွေကို အနိုင်ရ လွှတ် တော်ကိုယ်စားလှယ်အဖြစ် ကြေညာတယ်။ ဗဟိုကော်မတီ (ကြံ့ဖွတ်ပါတီ) ဘက်က ကြားတာတော့ သက်ဆိုင်သူကို တစညပါတီဆီကို ပြန် တောင်းပန်ခိုင်းပြီး အမှုပိတ်ခိုင်းမယ်လို့လည်း ကြားတယ်” ဟု ကြံ့ခိုင်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ကြံ့ဖွတ်ပါတီ၏ နေပြည်တော်နယ်မြေဥက္ကဋ္ဌ ဘူးလက်လှဆွေက ရွေးကောက်ပွဲတွင် နေပြည်တော် ပုဗ္ဗသီရိမြို့ နယ် မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ကြောင်း UEC က ကြေညာထားသည်။




