မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း Black Eagle PDF -Bagan အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဇီးသီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၃ ရက်နေ့တွင် ညောင်ဦးမြို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ဝဲကျေးရွာသို့ ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူကာ ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာလာပြီး လက်ဝဲကျေးရွာနှင့် မန်ကျည်းတန်းကျေးရွာအကြားတွင် Black Eagle PDF (Bagan) တပ်ဖွဲ့က အသင့် စောင့်ကြို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် အကြမ်းဖက် စစ်တပ်ထံမှ အီနာဂါ ၁ လုံး ၊ ၄၀ မမ ၂ လုံး ၊ လက်ပစ်ဗုံး ၁ လုံး ၊ ၅.၅၆ ကျည် ၁၇ တောင့် ၊ G-3 ကျည် ၁ တောင့် ၊ ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“စစ်ခွေး အင်အားက ၂၀၀ ဝန်းကျင်လောက် ရှိတယ်။ ဇန်နဝါရီလ ၃ ရက်နေ့ကနေ ထွက်လာတဲ့ စစ်ကြောင်းက လက်ဝဲကျေးရွာကိုရောက်တယ်။ လက်ဝဲကျေးရွာကနေ ပြည်သူပိုင် ပိုက်ဆံတချို့နဲ့ ဖုန်းတွေကို ယူပြီးတော့ မန်ကျည်းတန်းကျေးရွာဘက်ကို ထွက်လာတဲ့ အချိန်မှာ မန်ကျည်းတန်းရွာနဲ့ လက်ဝဲကျေးရွာ အကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော် အခုအတည်ပြုနိုင်တာ စစ်ခွေး ၇ ဦး သေဆုံးတယ်။ ၅ ဦး ဒဏ်ရာရတယ်။ စစ်ခွေး ၅ ဦးကလည်း မိထ္တီလာ ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ကြားရတယ်။ လက်ရှိမှာ စစ်ခွေး စစ်ကြောင်းက စဥ့်ကူရဲစခန်းဘက်ကို ပြန်ဆုတ်သွားတယ်” ဟု Black Eagle PDF -Bagan အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဇီးသီးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Black Eagle PDF (Bagan) တပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၁ ဦးလည်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။




