30 C
Yangon

စစ်တပ်၏ ရွေးကောက်ပွဲ အပိုင်း ၂ အဖြစ် မြို့နယ် ၁၀၀ တွင် ယနေ့ ရွေးကောက်ပွဲ ပြုလုပ်နေပြီး ပြည်သူများကို မဲလာပေးရန် နည်းလမ်းမျိုးစုံဖြင့် ဖိအားပေး ခြိမ်းခြောက်နေ ၊ မင်းအောင်လှိုင်က လှိုင်မြို့နယ် မဲရုံများသို့ လိုက်ကြည့်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၁

အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၂ အဖြစ် ယနေ့တွင် မြို့နယ် ၁၀၀ အတွင်း ရွေးကောက်ပွဲများ ပြုလုပ်နေပြီး ပြည်သူများကို မဲရုံများသို့ လာရောက်ရန် စစ်တပ်နှင့်မြို့နယ်/ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် ဖိအားပေး ခြိမ်းခြောက်နေကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တပ်မ ၆၆ တပ်များက မြို့ပေါ်တွင် အင်အား အလုံးအရင်းဖြင့် ကင်းလှည့်နေပြီး မင်းလှမြို့နယ်မှ ပြည်သူများကို မဖြစ်မနေ မဲလာပေးကြရန် လော်စပီကာများဖြင့် အော်ဟစ် ဆင့်ခေါ်ခြင်း၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများက တစ်အိမ်တက်ဆင်း မဲရုံများသို့ သွား ရောက်၍ မဲပေးကြရန်၊ မဲမပေးလျှင် ဖမ်းဆီးထောင်ချမည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

“အခု မင်းလှမြို့ပေါ်မှ စစ်ခွေး အင်အား အများအပြားနဲ့ စစ်ကားတွေ ကင်းပတ်နေတယ်။ ဒီနေ့ မဲလာပေးကြဖို့ လော်စပီကာတွေနဲ့လည်း လှည့်အော်နေတယ်။ ရပ်ကွက်လူကြီးတွေကလည်း တစ်အိမ်တက် ဆင်း မဲလာပေးကြဖို့ လာခေါ်နေတယ်။ မဲမ​ပေးရန် ထောင် ၃ နှစ်ချမယ်ဆိုပြီး ခြိမ်းခြောက်နေတယ်” ဟု မင်းလှမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ပဲခူးတိုင်းတွင် ရွေးကောက်ပွဲ အပိုင်း ၂ အဖြစ် ဒိုက်ဦး၊ ရွှေကျင်၊ ထန်းတပင်၊ ရေတာရှည်၊ ဇီးကုန်း၊ ပေါင်းတည်၊ က၀၊ သနပ်ပင်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ မိုးညိုနှင့် မင်းလှမြို့နယ် စုစုပေါင်း ၁၂ မြို့နယ်တွင် ရွေးကောက်ပွဲ ယနေ့ ကျင်းပနေခြင်းဖြစ်သည်။

“သာယာဝတီခရိုင်မှာ ရှိတဲ့ မြို့နယ်တွေမှာ တပ်မ ၆၆ တပ်တွေ ၂၄နာရီ လုံခြုံရေးအပြည့်နဲ့ ကင်းလှည့်နေကြတယ်။ ရွေးကောက်ပွဲ အပိုင်း ၂ အတွက် လုံခြုံရေးတိုးမြင့်ချထားသလို မြို့ပေါ်တွေမှာ စစ်ယာဥ်တန်းတွေနဲ့ပါကင်းပတ်နေပါတယ်။ ဒါ့အပြင် အုတ်ဖိုမြို့နယ် အိုးသည်ကုန်းမြို့ပေါ်ကိုလည်း စစ်တပ်က တပ်စွဲပြီး လုံခြုံရေး တိုးမြှင့်ထားတယ်”ဟု သာယာ၀တီခရိုင်မှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ ဗဟန်း၊ ပန်းဘဲတန်း၊ လသာ ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ၊ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြည်တိုင်၊ အင်းစိန် အပါအဝင် စုစုပေါင်း ၁၆ မြို့နယ်တွင် ရွေး ကောက်ပွဲ အပိုင်း ၂ ယနေ့ ကျင်းပလျက်ရှိသည်။

ရန်ကုန်တိုင်းအတွင်းတွင်လည်း ရပ်ကွက်အုပချုပ်ရေးအဖွဲ့များက တစ်အိမ်တက်ဆင်း မဲစာရင်းများ စစ်ဆေးပြီး ယနေ့တွင် မဲမဖြစ်မနေ ပေးရန် ဖိအားပေးလျက်ရှိကြောင်း ရန်ကုန်မြို့ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မဲထည့်ဖို့ ဖိအားပေးနေတယ်။စာသင်ကျောင်းနားမှာရှိတဲ့ အိမ်တွေကို မဲရုံကို မနက်စောစော လာပြီး တန်းကြဖို့ လာခိုင်းတယ်။ အထူးသဖြင့် ဧည့်စာရင်းနဲ့ နေတဲ့သူတွေ မဲလာမပေးရင် ဧည့်စာရင်း ဆက်မပေးတော့ဘူးပြောတယ်” ဟု ရွှေပြည်သာမြို့နယ်၊ ၁၂ ရပ်ကွက်မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း ၂ ပြုလုပ်သည့်နေ့တွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်အတွင်းရှိ မဲရုံများကို လိုက်လံ ကြည့်ရှု နေကြောင်း စစ်တပ်လော်ဘီများက သတင်းများ ဖော်ပြနေကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article