ရန်ကုန်၊ ဇန်နဝါရီ ၁၁
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ရွေးကောက်ပွဲအစည်းအဝေး လုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲချခဲ့ရာ ခရိုင်လက်ထောက်ညွန့်ကြားရေးမှူး နေထွန်းသန်း ဗုံးထိမှန်သေဆုံးသွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ထန်းတပင်မြို့နယ်အထွေထွေအုပ်ချုပ်မှူးရေးရုံးတွင် ရွေးကောက်ပွဲ မဲစာရင်းနှင့် မဲရုံလုံခြုံရေးကိစ္စ အစည်း အဝေး လုပ်နေစဉ် တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးကျဲချခဲ့ရာ အစည်းအဝေး တက်ရောက်နေသော ခရိုင်လက်ထောက်ညွန့်ကြားရေးမှူး နေထွန်းသန်းမှာ ဒရုန်းဗုံးထိမှန်၍ ပွဲ ချင်းပြီး သေဆုံးသွားကြောင်း၊ အစည်းအဝေး တက်ရောက်နေသော အခြားဌာနဆိုင်ရာ ဝန်ထမ်းများ လည်း အများအပြား ထိခိုက်သွားကြောင်း သိရှိရသည်။
” အခု ဒရုန်းနဲ့ ဗုံးကျဲတာက ခရိုင်အရာရှိတစ်ဦး သေဆုံးတယ်။ ကျန်တဲ့ ဝန်ထမ်းတွေလည်း ဒဏ်ရာရတယ်။ အစည်းအဝေးထဲကို တည့်တည့် ဒရုန်းဗုံးကျတာ။ လူနာတင်ကားတွေလည်း လာတာ များတယ်။” ဟု ထန်းတပင်မြို့နယ်ထွေ/အုပ်ရုံး ဒရုန်းဖြင့် ဗုံးကျဲမှု အခြေအနေကို စောင့်ကြည့်နေသော ကင်းထောက် သတင်းရင်းမြစ်က ပြောဆိုသည်။
ပဲခူးတိုင်းတွင် ရွေးကောက်ပွဲ အပိုင်း ၂ အဖြစ် ဒိုက်ဦး၊ ရွှေကျင်၊ ထန်းတပင်၊ ရေတာရှည်၊ ဇီးကုန်း၊ ပေါင်းတည်၊ က၀၊ သနပ်ပင်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ မိုးညိုနှင့် မင်းလှမြို့နယ် စုစုပေါင်း ၁၂ မြို့နယ်တွင် ရွေးကောက်ပွဲ ယနေ့ ကျင်း ပနေခြင်းဖြစ်သည်။
လက်ရှိ ပဲခူးတိုင်းအတွင်း ဖြူးမြို့နယ်၊ ပဲနွယ်ကုန်းမြို့နယ်တို့တွင်လည်း တော် လှန်ရေးတပ်များက စစ်တပ်စခန်းများနှင့် ဂိတ်များကို ယနေ့ ရွေးကောက်ပွဲနေ့တွင် တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- အစည်းအဝေးများ ပြုလုပ်လေ့ရှိသည့် ပဲခူးတိုင်း ထန်းတပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




