22.3 C
Yangon

စလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ အသေခံဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၁

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ အသေခံဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် စလင်းမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်က ဆင်ဖြူကျွန်းမြို့ မြောက်ဘက်နှင့် စလင်းချောင်း မြောက်ဘက်ရှိ ကျေးရွာများကို ဒရုန်း၊ အသေခံဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ကျေးရွာ ၁ ခုကို ဒရုန်းဗုံးများနှင့် အသေခံဒရုန်းများ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရကာ နွား ၃ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၀ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင်လည်း နွယ်တမယ်ရွာမှ စစ်ဘေးရှောင် ပြည်သူ ၁၅၀ ခန့် နေထိုင်‌သော စစ်ရှောင်စခန်းကို အကြမ်းဖက် စစ်တပ်က ဒရုန်း ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် နွယ်တမယ်ရွာအနောက်ဘက်ရှိ ကျေးရွာ ၁ ခုကိုလည်း အကြမ်းဖက် စစ်တပ်က အသေခံဒရုန်း ၂ စီးဖြင့် ထပ်မံတိုက်ခိုက်သွားကြောင်း သိရှိရသည်။

“မနေ့က ည ၁၀နာရီခွဲဝန်းကျင်လောက်မှာ နွယ်တမယ်ရွာက စစ်ဘေးရှောင်ပြည်သူ ၁၅၀ လောက်နေတဲ့ နေရာကို စစ်ခွေးတွေက ဒရုန်း ၂ စီးနဲ့ ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့တာ ပြည်သူ ၁၈ ဦးလောက် ထိခိုက်ဒဏ်ရာရတယ်။ အသေအပျောက်တော့ မရှိဘူး။ ၉ ရက်နေ့က ဗုံးကျဲသွားတာလဲ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး နွား ၃ ကောင်သေဆုံးတယ်” ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့ပေါ်၌ အကြမ်းဖက် စစ်တပ်က အင်အားအများအပြား ဖြည့်တင်းပြီး မြို့နေရာအနှံ့၌ တပ်ဖြန့်ထားကာ အထက ၁ နှင့် အထက ၂ ကျောင်းတို့တွင် အတုယောင် ရွေးကောက်ပွဲကို မဲပေးနိုင်ရေးအတွက် စစ်ဘေးတိမ်းရှောင်နိုင်ခြင်းမရှိသော ပြည်သူများကို အတင်းကျပ် ခြိမ်းခြောက်ကာ မဲထည့်နိုင်ရေးလုပ်ဆောင်နေကြောင်း သိရသည်။

“ကျွန်မတို့ စစ်ရှောင်ဖို့ထွက်လာပါတယ်။ အဲဒီစစ်ခွေးတွေက ဘယ်သွားမှာလဲလို့မေးပါတယ်။ ကျွန်မတို့လည်း လွတ်ကင်းတဲ့နေရာ စစ်ရှောင်ထွက်ဖို့လို့ပြောလိုက်တယ်။ စစ်ခွေးတွေက ဘယ်မှသွားစရာမလိုဘူး။ သွားခွင့်လည်းမပေးနိုင်ဘူး။ မဲပေးပြီးရင် ကြိုက်တဲ့နေရာသွားလို့ သေနတ်နဲ့ ချိန်ပြီးပြောဆိုပါတယ်။ သွားရင်ပစ်သတ်မယ်လို့လည်း ပြောတာတွေရှိတယ်လို့ သိရတယ်” ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ဆက်လက် ပြောဆိုသည်။

စလင်းမြို့နှင့်ဆင်ဖြူကျွန်းမြို့ အပါအဝင် ကျေးရွာများ စစ်ဘေးတိမ်းရှောင်နေရသော ပြည်သူ ၇၀၀၀ နီးပါးရှိကြောင်း၊ လက်ရှိချိန်ထိ စလင်းမြို့နယ်အတွင်း စစ်ရေးအရှိန်ပြင်းထန်နေကာ အပြစ်မဲ့ စစ်ရှောင်ပြည်သူများနှင့် ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်ကာ လူသားဒိုင်းအဖြစ်အသုံးချနေသည်ကို တွေ့ရကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article