ရန်ကုန်၊ ဇန်နဝါရီ ၁၁
ပဲခူးတိုင်း၊ ဇီးကုန်းမြို့ရှိ ဘုရားပျိုရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်ခန့်တွင် ဇီးကုန်းမြို့ရှိ ဘုရားပျိုရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ဘုရားပျို စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ထိခိုက်မှုရှိပါတယ်။ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ ကျနော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟုသာယာဝတီခရိုင် တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း တပ်ဖွဲ့များဖြင့်သော (3802 ခွဲ ၁ ၊ ဇီးကုန်း (ပကဖ) ၊ 3801 Yoma GBK (ခွဲ ၁ ၊ ခွဲ ၅) ၊ BTZM ၊ သာယာဝတီခရိုင် တိုက်ခိုက်ရေး အမှတ် ၁ တပ်ခွဲ ၃ မိုးညို (ပကဖ)နှင့် (သာယာဝတီခရိုင် ဒရုန်းတပ်ဖွဲ့ Spring Bees UAV Force) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်တွင် ကြံ့ဖွတ်ပါတီက ပြိုင်ဘက်မရှိအလိုအလျောက် အနိုင်ရထားသော် လည်း ဟန်ပြရွေးကောက်ပွဲပြုလုပ်နေသဖြင့် ခလရ ၅၀ အပါအဝင် စစ်အုပ်စုတပ်စွဲထားရာ နေရာ များကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါ အဝင် ၆ ဦး ထက် မနည်းဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဂန့်ဂေါမြို့ပေါ်၌ စစ်အုပ်စုက အတုအယောင်အရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပြုလုပ်လျက်ရှိရာ ကြံ့ဖွတ်ပါတီက ပြိုင်ဘက်မရှိ အနိုင်ရရှိထားကြောင်း၊ ထို့သို့ ဟန်ပြ ရွေးကောက်ပွဲ ပြုလုပ်နေစဉ်အတွင်း ခလရ ၅၀ တပ်ရင်းအပါအဝင် စစ်တပ်အုပ်စု တပ်စွဲထားရာ နေ ရာများကို တော်လှန်ရေးတပ်ဖွဲ့များက မြို့ပတ်ပတ်လည်မှနေ၍ လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက် ခိုက်ခဲ့ကြောင်း သိရသည်။
“ပြိုင်ဘက်မရှိ အနိုင်ရထားလည်း အတုအယောင်ရွေးကောက်ပွဲဆိုတော့ ဟန်ပြလုပ်ပြနေတာပေါ့။ ပြည်သူတွေကို အတင်းမဲထည့်ခိုင်းနေသေးတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း မနေ့ည က တည်းက ခလရ ၅၀ တပ်ရင်းနဲ့ စစ်အုပ်စုတပ်စွဲထားတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ဆော်တာ။ မဲရုံကို ဆော်တာမဟုတ်ပါဘူး။ လက်နက်ကြီးတွေနဲ့က အလုံး ၈၀ ကျော်တယ်၊ ရော့ကတ်တွေရောပါ တယ်။ ဒရုန်းနဲ့က ၁၀ လုံး ကျဲချ တယ်။ မြို့ပတ်ပတ်လည်ကနေဝိုင်းပြီး ပစ်နေကြတာ” ဟု ယောအ လင်းတန်းမှ တာဝန်ရှိသူက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်တပ် တပ်စွဲထားရာ နေရာများဖြစ်သည့် ခလရ ၅၀ တပ်ရင်း၊ မြို့မရပ်ကွက်၊ စည်ပင် သာယာရပ်ကွက်၊ ၆ ထပ်ဆောင် ဝန်ထမ်းအိမ်ရာ၊ ဝီလပ်ဂိတ်နှင့် စည်ပင် ရုံးတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ ၂ ပွင့်ဗိုလ်တစ်ဦးနှင့် စစ်မှုထမ်းတပ် သား ၅ ဦးတို့ အပါအဝင် ပျူစောထီးများ ထိခိုက်ဒဏ်ရာရရှိထားပြီး သေဆုံးမှု ရှိ၊ မရှိသိရှိနိုင်ရန် အ တည်ပြုနေဆဲ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်စစ်ဌာန လက် အောက်ခံ တပ်ရင်းများ၊ ကျေးရွာပကဖ များ၊ နဂါးညီနောင် ပကဖများ ၊အခြား လိုကယ်အင်အားစုများ စုပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ် မှုရှိခဲ့ကြောင်း သိရသည်။
“မဲရုံမှာက ပြည်သူအချို့မဲသွားပေးရတာရှိတယ်။ ပြည်သူထိမယ်စိုးလို့ မဲရုံတွေကို တိုက်ခိုက်ခဲ့တာ မဟုတ်ဘူး။ မြို့ပေါ်မှာက ပြည်သူ နည်းနည်းလေးပဲရှိတာပါ။ စခ အသိုင်းအဝန်းတွေပဲ ကျန်တော့ တာ။ မဲပေးရတဲ့ပြည်သူတွေကလည်း မဲမပေးရင် ဧည့်စာရင်းကအစ စခတွေက လိုက်ရစ်နေလို့ မဖြစ်မနေ သွားပေးကြရတာလို့ ပြောပါတယ်” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူက ရှင်းပြသည်။




