28 C
Yangon

ညောင်ဦးနှင့် ကျွန်းစုမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော စစ်တပ်က ဆက်တိုက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၀ ကျော်ပြာကျ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၂

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၇၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင် ညောင်ဦးမြို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ဝဲကျေးရွာကို စတင်ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ထိုမှ တဆင့် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဇီးစမြင်ကျေးရွာကို ထပ်မံ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို စတင်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း စစ်ကြောင်းသည် ဇန်နဝါရီလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင်လည်း ကျောက်ပြင်ကန်ရွာ ၊ စကရွာ ၊ ကြအိုရွာ ၊ ကြအိုကျွန်းရွာ နှင့် မီးလောင်ဖျားကျေးရွာများကိုလည်း ဆက်လက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၇၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စဥ့်ကူ ရဲစခန်းဘက်ကို ပြန်လည် ဆုတ်ခွာသွားသော်လည်း စစ်ကြောင်း ထပ်မံရောက်လာမည်ကို စိုးရိမ်သောကြောင့် လက်ဝဲရွာ၊ မန်းကျည်းတန်ရွာ၊ ကန်ကြီးကုန်းရွာ၊ ဇီးစမြင်ရွာ ၊ ကျောက်ပြင်ကန်ရွာ ၊စကရွာ ၊ အနောက်အုံရွာ ၊ ကြအိုရွာ ၊ ကြအိုကျွန်းရွာနှင့် မီးလောင်ဖျားရွာတို့မှ ပြည်သူများ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်းက ၄ရက်နေ့မှာ ဇီးစမြင်ကျေးရွာကို မီးစရှို့တယ်။ အဲမှာပဲ တစ်ညအိပ်တယ်။ ၅ ရက်နေ့မှာတော့ ကျောက်ပြင်ကန် ၊ စကကျေးရွာတွေကို မီးရှို့တယ်။ ၆ ရက်နေ့မှာ ကြအို ၊ ကြအိုကျွန်း ၊ မီးလောင်ဖျားကျေးရွာတွေကို မီးရှို့တယ်။ မီးလောင်ဖျားမှာ တစ်ညအိပ်ပြီး ၇ ရက်နေ့မှာတော့ စဥ့်ကူရဲစခန်းဘက်ကို ပြန်ဆုတ်သွားတယ်။ တိမ်းရှောင်ရတဲ့ရွာတွေက လက်ဝဲ ၊ မန်းကျည်းတန်၊ ကန်ကြီးကုန်၊ ဇီးစမြင်၊ ကျောက်ပြင်ကန်၊ စက၊ အနောက်အုံ၊ ကြအို၊ ကြအိုကျွန်း နဲ့ မီးလောင်ဖျားအဲရွာတွေပါ။ နေအိမ်အလုံးရေးက ရွာ ၆ ခုပေါင်းရင် နေအိမ် ၇၀ ကျောက်လောက်မီးရှို့ခံထားရတာ တချို့ရွာတွေက ပြန်ဝင်နေပါပြီး တချို့ကတော့ ကြောက်နေကြတော့ ရွာနဲ့ဝေးတဲ့နေရာတွေမှာဘဲ နေနေကြတုန်းပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင်လည်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျောက်တန်းငယ်ရွာကို ဝင်ရောက် စီးနင်းမီးရှို့ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် ကျောက်တန်းငယ်ရွာကို စစ်ကြောင်းထိုးဝင် ရောက်လာသော အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များလည်း စစ်ရေးဆက်လက် တင်းမာနေဆဲဖြစ်သောကြောင့် ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန်မီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article