31 C
Yangon

လောင်းလုံးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် စစ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တော် လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် အစောပိုင်း ၆ နာရီခန့်မှ စတင်ပြီး လောင်းလုံးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မြို့နယ် ရဲစခန်း၊ စရဖ ရုံး၊ မြို့နယ် ထွေ/အုပ်ရုံးနှင့် KBZ ဘဏ်တို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် ၁ နာရီခန့်သာကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ တိုက်ပွဲဖြစ်ပွားရာနေရာများကို လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့သောကြောင့် လူနေရပ်ကွက်များအတွင်း ကျည်ကျရောက်ပေါက်ကွဲ၍ နေအိမ်များ ပျက်စီးမှုရှိကြောင်း၊ လောင်းလုံးမြို့ပေါ်ရှိ ပြည်သူ အများစုသည် စစ်ဘေးတိမ်းရှောင်နေခြင်းကြောင့် ထိခိုက်သူမရှိကြောင်း သိရှိရသည်။

“ဒီနေ့ နံနက် အစောကြီး လောင်းလုံးမြို့ပေါ်မှာ တိုက်ပွဲဖြစ်တာ လောင်းလုံးမှာက မြို့စောင့်တပ် သဘောမျိုးနဲ့ နေရာ ၄ ခုမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေပဲကျန်တော့တယ်လေ အဲစစ်ခွေးတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက လာရောက် တိုက်ခိုက်တာ တိုက်ပွဲဖြစ်တာက ၁ နာရီလောက်ပဲကြာတယ်။ တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ရမ်းထုတာက မွန်းလွဲပိုင်းထိကို ထုနေတုန်းပဲ စစ်ခွေးသေစာရင်းတော့ မသိရသေးဘူး။ အခုကတော့ ငြိမ်နေပါပြီ စစ်ခွေးတွေ ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး နေအိမ်တွေ ပျက်စီးမှုရှိတယ်လို့ သိရတယ်” ဟု ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ၂၀၂၅ ခုနှစ် နိုဝင်ဘာလပိုင်းနှင့် ဒီဇင်ဘာလပိုင်းတို့ကလည်း လောင်းလုံးမြို့ပေါ်မှ ညင်းမော်ရွာသို့ လာရောက်ထပ်စွဲထားသော စစ်တပ်က အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ရက်ပေါင်း ၅၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စရဖ (စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့) မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၃၀ ကျော် ထိခိုက်သေဆုံးကာ ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရသည်။

ဓာတ်ပုံ- ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ် လဝကရုံးရှေ့ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် ပစ်ခတ်ခဲ့သော DNLA ဖက်ဒရယ်ဓူဝံကြယ်တပ်မှ ရဲဘော်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article