စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ပင်စိမ်းခင်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေဦးမြို့နယ် အနောက်ခြမ်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရေဦးမြို့နယ်၊ ပင်စိမ်းခင်းရွာကို အကြမ်းဖက် စစ်တပ်၏ Yak-130 ဂျက်ဖိုက်တာ ၁ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဗုံးက ပင်စိမ်းခင်းရွာ ပြည်သူပိုင်နေအိမ်ထဲကို တည့်တည့်ကျတာ တံတားဦးလေတပ်က တက်လာတဲ့ Yak-130 ဖိုက်တာ ၁ စီးက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်သွားတာ သေဆုံးသူတာက ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးလို့ သိရတယ်။ ဘာတိုက်ပွဲမှဖြစ်မထားဘဲ စစ်ခွေးတွေက ပြည်သူတွေကို ပစ်မှတ်ထားပြီး အကြောင်းမဲ့လေကြောင်းကနေ ဗုံးကျဲ သတ်ဖြတ်သွားတာပါ” ဟု ရေဦးမြို့နယ် အနောက်ခြမ်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောဆိုသည်။
အလားတူ ဇန်နဝါရီ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ကလည်း ရေဦးမြို့နယ် အတွင်းရှိ လေးရွာ စာသင်ကျောင်း၊ အုန်းတပေါင်းရွာ စာသင်ကျောင်း၊ ကွမ်းအုံရွာ တိုက်နယ်ဆေးရုံနှင့် ဘုန်းကြီးကျောင်းတို့ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စက်လက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ အနီးရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် မြစ်ခြေမြို့ အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁ ဦးမှာ ဒဏ်ရာအခြေအနေစိုးရိမ်ရကြောင်း၊ ကျေးရွာအတွင်းရှိ နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ စစ်ခွေးတွေက ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီးတော့ ၁ ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ အခုစစ်ခွေးတွေ ဗုံးကျဲသွားတဲ့ ရွာတွေက မြစ်ခြေမြို့နားက ရွာတွေပါပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။





