ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရှမ်းကွင်းရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၃ ခုကို ဝင်ရောက် စီးနင်းကာ ပြည်သူများကို ရွာပြင်ပေးမထွက်တော့ဘဲ ရွာလုံးကျွတ် ပြည်သူများကို ဖမ်းဆီး စစ်ဆေးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်အစောပိုင်း ကြို့ပင်ကောက်မြို့နှင့် ၁ မိုင်ခန့်သာ ကွာ ဝေးသော ရန်ကုန်-ပြည်လမ်း အနီးရှိ ရှမ်းကွင်းကျေးရွာလမ်းဆုံတွင် အကြမ်းဖက် စစ်တပ်နှင့် တော် လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ PDF ရဲဘော် ၃ ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ညောင်ပင်ကွင်းရွာ၊ ကံကြီးရွာနှင့် ကံလေးရွာများကို ဝင်ရောက် စီးနင်းပြီး ပြည်သူများကို ရွာပြင်ပေးမထွက်တော့ဘဲ ဖမ်းဆီးထားကာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်က ကျေးရွာများအတွင်း စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကာ ပြည်သူများ ရွာထဲ၌ ပိတ်မိနေဆဲဖြစ်ကြောင်း သိရှိရသည်။
“မနေ့က ကြို့ပင်ကောက်မြို့နယ် တိုက်ပွဲမှာ စစ်ခွေးထိခိုက်သေဆုံးတာများပါတယ်။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားရာ ရွာနီးချုပ်စပ်က ရွာတွေကို ပိတ်ဆို့ထားပြီး ရွာသားတွေကို ရွာပြင်ပေးမထွက်ဘူး။ ညောင်ပင်ကွင်းရွာ၊ ကံကြီးရွာနဲ့ ကံလေးရွာတွေကို ပိတ်ဆို့ထားတယ်။ ရွာသူရွာသားတွေကိုလည်း ဖမ်းဆီး စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ရန်ကုန်-ပြည်လမ်းရှိ စစ်တပ်ဂိတ်စခန်းများနှင့် တပ်စခန်းများ မကြာခဏ တိုက်ခိုက်ခံနေရခြင်းကြောင့် လမ်းပိုင်းသွားလာခွင့် ကန့်သတ်ရန်၊ ညအချိန် သွားလာသည့် ကားများကိုလည်း မသင်္ကာပါက ပစ်ခတ် ဖမ်းဆီးရန်နှင့် စစ်တပ် စခန်းများ၊ ကင်းစခန်းများတွင် လုံခြုံရေး အင်အားများ ပိုမိုတိုးမြှင့်ကာ လှည့်ကင်းများ၊ ပတ်ကင်းများဖြင့် လုံခြုံရေး အထူးတင်းကျပ်ရန် အပါအဝင် တိုက်ပွဲဖြစ်ပွားပါက စစ်ကူများ အချိန်မီပေးပို့ရန်လည်း ညွှန်ကြားထားကြောင်း သိရှိရသည်။
ဓာတ်ပုံ – ကြို့ပင်ကောက်မြို့တွင် ရှာဖွေစစ်ဆေးရေးလုပ်နေသော အကြမ်းဖက်ရဲများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




