စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ရှမ်းမြောင်းရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် သံဃာတော်များ ထိခိုက်ဒဏ်ရာရပြီး ကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများနှင့် ကနီမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ကနီမြို့နယ်ရှိ ရှမ်းမြောင်းရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က Gyrocopter ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“သူတို့ ဗုံးကျဲတဲ့နေရာက စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာပါ။ ဘုန်းကြီးကျောင်းဗျ။ အတိကျ ပြောရရင် ကျနော်တို့ ရှမ်းမြောင်းရွာ အောင်စကြာစေတီကုန်းပေါ်မှာရှိတဲ့ အောင်မင်္ဂလာဘုန်းကြီးကျောင်းကို ဗုံးကျဲသွားတာ ဘုန်း တော်ကြီး ၂ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဘုန်း တော်ကြီး ကျောင်း အဆောက်အဦးတွေ အကုန်ပျက်စီးခဲ့ရတယ်။ စစ်တပ်ကို တော့ လုံဝမကြေနပ်နိုင်ဘူးလို့” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခဲ့သော ရှမ်းမြောင်းရွာသည် ကနီမြို့နှင့် ၁ မိုင်ခန့်သာဝေးသော ကျေးရွာဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ကနီမြို့နယ်၌ စစ်တပ်က မြို့ပေါ်နှင့် ဆက်သွယ် ရေတာဝါတိုင်စခန်းကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်ကျေးရွာများအားလုံးကို ပြည်သူကာကွယ်ရေးတပ်များက ထိန်းချုပ်ထားကြောင်း သိရသည်။
” ၂ နာရီ ကျော်မှာ တစ်ကြိမ်၊ ၄ နာရီနီးပါးအချိန်မှာတစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်သွားတာ ကနီခွေးခြံကနေလည်း တိုက်ခိုက် ရေးဒရုန်း တွေလည်း တိုက်ခိုက်သွားတယ်။ ကျနော်တို့အနေနဲ့ကတော့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာ တွေကို တိုက်ခိုက်တဲ့အတွက် ပြင်းထန်စွာ ရှုတ်ချပါတယ်” ဟု ကနီမြို့နယ်ပြည်သူကာကွယ် ရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်လည်း စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာနေရာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် စဉ့်ကူးမြို့နယ် အနောက်တောင်ခြမ်း ကျွန်းကြီးရွာနှင့် ကြက်တူရွေးရွာသို့ရောက်ရှိနေသော စစ်သားများနှင့် မတ္တရာမြို့နယ် အနောက်ခြမ်း ဇရပ်ဖြူကျောင်းမှ အကြမ်းဖက် စစ်သားများက ၁၂၀ မမ ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ဝက်လက်မြို့နယ် အရှေ့ခြမ်း ရေလည်မော်ရွာထဲကို ၁၅ ချက်ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးသည် စစ်ဘေးရှောင်ပြည်သူများရှိရာနေရာကို ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၄၀အရွယ် အမျိုးသား ဦးဝင်းကျော် ၊ အသက် ၄၀ အရွယ် မခင်ယု နှင့် အသက် ၃၀ ကျော်အရွယ် မအေးချောတို့ ဗုံးစထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
“သေဆုံးသွားတဲ့ ပြည်သူတွေက ရေလည်မော်ရွာကပဲ သူတို့က စစ်ခွေးစစ်ကြောင်းကိုကြောက်လို့ တိမ်းရှောင်နေရာကနေ ရွာထဲကို ခဏ ပြန်ဝင်လာတဲ့ အချိန်မှာ လက်နက်ကြီးထိမှန်ပြီး ၃ ဦးလုံးပွဲချင်းပြီး သေဆုံးတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar













