မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး လက်နက်ကြီး၊ ဒရုန်းဖြင့် ပစ်ခတ် တိုက်ခိုက်နေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် အင်အား ၈၀ ခန့်ပါသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် စလင်းမြို့နယ်၊ ပန်းတိမ်ကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ရာ နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်တပ် စစ်ကြောင်းသည် ပန်းတိမ်ကုန်းကျေးရွာမှ လက်ကြီး၊ လက်နက်ငယ်များဖြင့် ကညှပ်ကျေးရွာနှင့် နောင်တော်လေးကျေးရွာများကို ပစ်ခတ်ခဲ့ကာ ဒရုန်း ၂ စီး ဖြင့်လည်း ဗုံးကျဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ကျောက်ခဲကုန်းကျေးရွာ ဘုန်းကြီးကျောင်းပေါ်သို့ ဒရုန်းဖြင့် ဗုံးများ ထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုများ အတွင်း ကျောက်ခဲကုန်း ဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင် ပြည်သူတချို့နှင့် ကျေးရွာနေ ပြည်သူတချို့ ထိခိုက်ဒဏ်ရာခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက စလင်းချောင်း တောင်ဘက်ကို နယ်မြေရှင်းလင်းရေးဆိုပြီး စစ်ကြောင်းထိုး ရွာတွေကို မီးရှို့နေတာ ပြီးတော့ ခွေးတွေက စစ်ရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာအတွင်းကိုလည်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်လို့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိပါတယ်။ စစ်ခွေးတွေကြောင့် ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။
စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေပြီး စလင်းချောင်းတောင်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်၍ နယ်မြေများကို အပြီးသတ်သိမ်းယူမည်ဟု သတင်းထွက်ပေါ်နေကာ သမြင်ကင်း ၊ ပန်းတိမ်ကုန်း ၊ကညှပ် ၊ နောင်တော်လေး၊ နောင်တော်ကြီးကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်၍ ပြည်သူများကို ပစ်မှတ်ကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ၂ ရက်ဆက် ဗုံးကျဲပြီး မြေပြင် စစ်ကြောင်းကလည်း ကျေးရွာများကို ဝင်ရောက် စီးနင်းနေ၍ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာန ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင် ပေါက်မြို့နယ် အနောက်မြောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာများဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများ ယာယီနေထိုင်လျက်ရှိသော တဲများ၊ လူနေအိမ်များနှင့် ကျေးရွာ ဆေးပေးခန်းတို့ ထိမှန် ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင်လည်း ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် သီးချောက်ရွာအနီး ရောက်ရှိလာသော ကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုအကြမ်းဖက် စစ်တပ်စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ဇင်ရွေးဂုံရွာ ၊ တဲတောယာတောင်ရွာ ၊ တဲတော်ယာ မြောက်ရွာ ၊ ပြစ်ထဲရွာ ၊ ကိုင်းလယ်ရွာ ၊ ချောင်းနားရွာ ၊ စမ်းရေခုံရွာ ၊ ဖားအရွာ ၊ ကမ္ဘားနီရွာ ၊ ချက်ကန်ရွာနှင့် ထန်းတောလယ်ရွာများအပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူ ၁ သောင်းကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ရွှေဘိုမြို့နယ်၊ နှောပင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်။




