30 C
Yangon

သထုံမြို့နယ်၊ တက်တူကုန်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးနှိပ်စက်ကာ နေအိမ်များပါ ဖောက်ထွင်း၍ ပစ္စည်းများနှင့် ငွေကြေးများကို ခိုးယူ လုယက်သွား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တက်တူကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးနှိပ်စက်ကာ နေအိမ်များပါ ဖောက်ထွင်း၍ ပစ္စည်းများနှင့် ငွေကြေးများကို ခိုးယူ လုယက်သွားကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တက်တူကုန်းကျေးရွာအတွင်းကို ဝင်ရောက်စီးနင်းကာ ကျေးရွာအတွင်း၌ တပ်စွဲထားစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်တပ်က တက်တူကုန်းရွာအတွင်း ဆက်လက် နေထိုင်နေစဉ် နေအိမ်တချို့နှင့် ဈေးဆိုင်တချို့ကို ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများနှင့် ငွေကြေးများကို လုယက်ခိုးယူခဲ့ကြောင်း သိရှိရသည်။

ထိုအကြမ်းဖက် စစ်တပ်သည် တက်တူကုန်းရွာအတွင်းမှ အသက် ၄၃ နှစ်အရွယ် ဒေါ်မိုးမိုးဝင်း၏ နေအိမ်တံခါးကို ဖျက်ဆီးကာ အသုံးအဆောင်ပစ္စည်းတချို့နှင့် ဈေးဆိုင်ပစ္စည်းများ အပါအဝင် ငွေကျပ် ၁ သိန်းကို ယူဆောင်သွားကြောင်း၊ အသက် ၇၇ နှစ်အရွယ် ဒေါ်မြရှင်၏ နေအိမ်တံခါးကိုလည်း ဖျက်ဆီးကာ အိမ်အသုံးအဆောင်ပစ္စည်းတချို့နှင့် ငွေကျပ် ၂ သိန်းကို ယူဆောင်သွားကြောင်း၊ ထို့ပြင် အသက် ၄၇ နှစ်အရွယ် ဦးသာဒွန်း၏ နေအိမ်ကိုလည်း ဖောက်ထွင်းဝင်ရောက်ကာ အသုံးအဆောင်ပစ္စည်းများနှင့် ဆိုင်ကယ် ၁ စီး ယူဆောင်ပြီး အသက် ၅၇ နှစ်အရွယ် ဦးအောင်သက်ဝင်း၏ နေအိမ်တံခါးကိုလည်း ဖျက်ဆီးကာ အသုံးအဆောင်ပစ္စည်းများ ယူဆောင်သွားကြောင်း သိရှိရသည်။

ထို့ပြင် တက်တူကုန်းရွာမှ အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်နှင်းသက်၊ အသက် ၅၆ နှစ်အရွယ် ဒေါ်ကြည်အေး၊ အသက် ၄၇ နှစ်အရွယ် ဦးဘဂျမ်း နှင့် အသက် ၆၇ နှစ်အရွယ် ဒေါ်ရင်ဌေး တို့၏ နေအိမ်များကိုလည်း စီးနင်းဝင်ရောက်ကာ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ အမြောက်တပ်ရင်း အမတ-၃၁၄ ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ တက်တူကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၇၇ နှစ်အရွယ် ဒေါ်သန်းလှ၏ နေအိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ယင်း စစ်ကြောင်းသည် ကျေးရွာအတွင်း၌ တပ်စွဲနေထိုင်စဉ်ကလည်း ကဒီပုရွာသစ်မှ အသက် ၃၈ နှစ်အရွယ် စောချစ်သူကိုလည်း ဖမ်းဆီးချုပ်နှောင်ကာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်တပ်သည် ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ တက်တူကုန်းကျေးရွာတွင် တပ်စွဲထားပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ကျေးရွာအတွင်းမှ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article