တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ခလရ ၁၀၄ တပ်ရင်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီး အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး စစ်အင်အားဖြည့်တင်းနေ၍ စစ်ရေးတင်းမာနေကြောင်း ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ်၊ ထားဝယ်-မောင်းမကန် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၁၀၄ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ထားဝယ်-မောင်းမကန် လမ်းပိုင်းကို ပိတ်လိုက်ပြီး စစ်ဆေးရေးတင်းကြပ်ကာ ညနေပိုင်းမှ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ထို့ပြင် ခလရ ၁၀၄ တပ်ရင်းမှလည်း စစ်တပ် စစ်ကြောင်းထွက်လာပြီး နယ်မြေရှင်းလင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
လောင်းလုံးမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲပြုလုပ်နိုင်ရန် မဲရုံပြုလုပ်မည့် မောင်းမကန်နယ်မြေ ရဲစခန်းအပါအဝင် မြို့ပေါ်တွင်လည်း စစ်အင်အားများဖြည့်တင်းကာ တပ်ဖြန့်ထားကြောင်း၊ လောင်းလုံးမြို့ အနီးရှိ ညှင်းမော်ရွာတွင်လည်း စစ်တပ် စစ်ကြောင်းက လက်ရှိချိန်ထိ တပ်စွဲထားသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်ရေးဆက်လက် တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် လက်ရှိချိန်တွင် လောင်းလုံးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများကို လုံခြုံရေး အပြည့်ဖြင့် မဲပေးစက်များ ပို့ဆောင်နေပြီး ထားဝယ်ရေနက်ဆိပ်ကမ်းဘက်မှလာသော စစ်တပ် စစ်ကြောင်းများဖြင့် အင်အားဖြည့်တင်းထားကာ ပြည်သူများကို အတင်းအကြပ် မဲပေးခိုင်းရန် လုပ်ဆောင်နေကြောင်း သိရှိရသည်။
“လောင်းလုံးမြို့နယ်ထဲမှာ စစ်အင်အားကတော့ အပြည့်ကို ဖြည့်ထားပြီး တပ်ဖြန့်ထားတယ်။ အဓိက တပ်ဖြန့်ထားတဲ့ နေရာတွေကတော့ သူတို့ မဲရုံလုပ်မယ့် မောင်းမကန်နယ်မြေဘက်နဲ့ မြို့ပေါ်ကို အဓိကထားပြီး အင်အားဖြည့်နေတယ်။ နောက်ပြီး ထားဝယ်ရေနက် ဆိပ်ကမ်းဘက်ကလည်း စစ်ခွေးစစ်ကြောင်းတွေ ရောက်နေတယ်” ဟု ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ထားဝယ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသော ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် စစ်အင်အား အများအပြားဖြည့်တင်းထားကာ ပြည်သူများ သယ်ဆောင်လာသည့် ပစ္စည်းအားလုံးကို ဖွင့်ဖောက် စစ်ဆေးမှုများပါ လုပ်ဆောင်နေကြောင်း သိရသည်။




