28.2 C
Yangon

ဒီပဲယင်းမြို့နယ် ပျံကျကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု အမျိုးသမီး ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ပျံကျကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံးကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၁၀ နာရီ ၅၅ မိနစ်ခန့်အချိန် မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ဒီပဲယင်းမြို့နယ်ရှိ ပျံကျကျေးရွာ ကံတွင်း ဘုန်းကြီးကျောင်း နှင့်ပတ်ဝန်းကျင်သို့ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၂ လုံးကျဲချပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ၊ အဆိုပါ ပစ်ခတ်တိုကခိုက်မှုအတွင်း ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေရဲ့ မိတ္ထီလာတက် ဂျက်ဖိုက်တာနဲ့ ဒီပဲယင်းမြို့နယ် ပျံကျကျေးရွာအတွင်းကို လေကြောင်းတိုက်သွားတာပါ။ ပြည်သူအမျိုးသမီး ၁ ဦး လတ်တလော သေဆုံးတယ်လို့ သတင်းရရှိထားပါတယ်။ သေဆုံးသူက ပျံကျကျေးရွာနေ ပြည်သူပါ” ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး သူမှာ အသက် ၆၀ နှစ်အရွယ် ဒေါ်ပြုံးဖြစ်ပြီး လေယာဉ်ဖြင့် ကျဲချသော ဗုံးစထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ယင်းအပြင် ပြည်သူနေအိမ်တချို့ မီးလောင်ပျက်စီးသွားကြောင်း သိရှိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ တစ်ရက်တည်းတွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ကြိမ်တိုင်တိုင် လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ဒီပဲယင်းမြို့နယ် ပျံကျရွာ ကံတွင်း ဘုန်းကြီးကျောင်း နှင့် ဘုန်းကြီကျောင်း အနောက်ဘက်ကို မနေ့ ည ၁၁ နာရီလောက်က လေယာဥ်နဲ့ ဗုံး ၂ လုံးကျဲ ချသွားတယ်လို့ ပြောပါတယ်။ ဗုံးထိမှန်သွားတဲ့ ပျံကျကျေးရွာသူ ဒေါ်ပြုံး အသက် ၆၀ ကျော် အဘွားက ကိုယ်ခန္ဓာအောက်ပိုင်းတွေ တစ်စ စီဖြစ်ပြီး အသားစ တွေ လိုက်ကောက်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လေကြောင်းသတိအမြဲရှိပြီး၊ လေကြောင်းသတင်းကြားရလျှင် ဘေးလွတ်ရာနေရာများတွင် အထူးဂရုစိုက်နေထိုင်ကြရန် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး တိုက်တွန်းနှိုးဆော်ထားသည်။

အလားတူ ဇန်နဝါရီလ ၁၉ ရက်နေ့ တွင်လည်း ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ကို အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article