29 C
Yangon

သဥ္ဇာဝင့်ကျော်ကို ထောင်ဒဏ် ၃ လ (သို့မဟုတ်) ငွေဒဏ်ချမှတ်နိုင်သော ပုဒ်မ ၂၉၄ (က) ဖြင့် ဖမ်းဆီးရန် ရှိနေမှုကို ရုပ်ရှင်အစည်းအရုံးသို့ အကြောင်းကြားမှု မရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁

မော်ဒယ်သဥ္ဇာဝင့်ကျော်ကို ထောင်ဒဏ် ၃ လ (သို့မဟုတ်) ငွေဒဏ် ချမှတ်နိုင်သော ပုဒ်မ ၂၉၄ (က) ဖြင့် ဖမ်းဆီးရန် ရှိနေမှုကို ရုပ်ရှင်အစည်းအရုံးသို့ အကြောင်းကြားမှု မရှိသေးကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ကမာရွတ်မြို့နယ်၊ နိုဗိုတယ်ဟိုတယ်တွင် ညနေ ၅ နာရီမှ ည ၁၀ နာရီ ၃၀ အထိ ပွဲလမ်းသဘင် ခွင့်ပြုမိန့် တောင်းခံခြင်းမရှိဘဲ Cloud Seven Production & Entertainment ၏ ထူထောင်သူ ဇွဲခန့်အောင် မွေးနေ့ပွဲနှင့် ရုပ်ရှင်ဇတ်ကားမိတ်ဆက်ခဲ့ကြောင်း၊ ယင်းပွဲတွင် မော်ဒယ်သဥ္ဇာဝင့်ကျော်က ဦးစီး၍ မြန်မာ့ရိုးရာနှင့်ဆန့်ကျင်သော အများပြည်သူ မတင့်တယ်ဖွယ်ရာ အဝတ်အစားများဖြင့် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသော Sexy Dance အကကို ကပြဖျော်ဖြေသရုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် မော်ဒယ်သဥ္ဇာဝင့်ကျော်ကို ဇန်နဝါရီလ ၁၈ ရက်နေ့ ရာဇသတ်ကြီး ပုဒ်မ ၂၉၄ (က) ဖြင့် ကမာရွတ်မြို့နယ်ရဲစခန်းတွင် ရဲစခန်းမှူး ဒုရဲမှူး ဘတိုးက အမှုဖွင့်ထားကြောင်း သိရှိရသည်။

“ရုပ်ရှင်အစည်းအရုံးကိုတော့ ဘာမှ အကြောင်းကြားမရှိဘူး။ တကယ်ဆိုရင် ရုပ်ရှင်အစည်းအရုံးကို အကြောင်းကြားရင် ညှိနှိုင်းဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်” ဟု ရုပ်ရှင်အစည်းအရုံးမှ အရေးပါသော အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်မှာ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့တွင် အဖမ်းခံခဲ့ရပြီး အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ – (က) ဖြင့် အင်းစိန်အကျဉ်းထောင်တွင်းတရားရုံးက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက် နေ့တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။ ယင်းနောက် ၂၀၂၅ ခုနှစ် ဇန်န ဝါရီလ ၄ ရက်နေ့တွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ သဥ္ဇာဝင့်ကျော်ကို ကမာရွတ်ရဲစခန်းက အမှုဖွင့်ထားသော ရာဇ သတ်ကြီးပုဒ်မ၂၉၄ (က)မှာ မည်သူမဆို အခြားသူများကို စိတ်ငြိုငြင်အောင် အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင် ညစ်ညမ်းသောပြုလုပ်မှု တစ်ခုခုကိုပြုလုပ်မှုဖြစ်ပြီး ယင်းပုဒ်မအရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ လ (သို့မဟုတ်) ငွေ ဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။ ယင်းပုဒ်မမှာ ရဲအရေးပိုင်သော ပုဒ်မဖြစ်ပြီး အာမခံ ပေးနိုင်သော ပုဒ်မ ဖြစ်ကြောငး သိရှိရသည်။

အကယ်၍ သဥ္ဇာဝင့်ကျော်အနေဖြင့် နောက်တစ်ကြိမ် ပြန်လည် အဖမ်းခံရပြီး ပြစ်ဒဏ်ကျခံရပါက ရှေ့တွင် ကြွင်းကျန်ရစ်နေသော ထောင်ဒဏ်များကိုပါ တစ်ပေါင်းတည်း ပြန်လည်ကျခံရဖွယ်ရှိနေကြောင်း ရုပ်ရှင်အသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article