ရန်ကုန်၊ ဇန်နဝါရီ ၂၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ စစ်သုံ့ ပန်းများနှင့် မိသားစုဝင်များထားရှိရာ နေရာကို အကြမ်းဖက် စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း AA ကသတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၇ နာရီ ၂၄ မိနစ်နှင့် ၇ နာရီ ၂၈ မိနစ်တို့တွင် ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ ချောင်းတူ (ခ) ဆောင်းဒုံ ကျေးရွာအနောက်ဘက်ရှိ စစ်သုံ့ပန်းများနှင့် ၎င်းတို့မိသားစုဝင်များထားရှိရာ နေရာများကို အကြမ်းဖက် စစ်တပ်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ရှေ့ဆင့်နောက်ဆင့် ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ၎င်းပတ်ဝန်းကျင်တွင် ရှိသည့် စစ်သုံ့ပန်းအချို့နှင့် စစ်သုံ့ပန်းမိသားစုဝင်များ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း၊ အဆိုပါ စစ်သုံ့ပန်းများနှင့် စစ်သုံ့ပန်းမိသားစုဝင်များမှာ အကြမ်းဖက် စစ်တပ်နှင့် တိုက် ပွဲများအတွင်း AA ဘက်မှ ဖမ်းဆီးရမိသူများဖြစ်ပြီး မကြာမီ ပြန်လည်လွှတ်ပေးရန် စီစဉ်ထားသူများဖြစ်ကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အရေအတွက် အသေးစိတ်ကို ဆက်လက် အတည်ပြုနေဆဲဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချကအရ သိရှိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း မြောက်ဦးမြိုနယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံပန်းမိသားစုဝင်များထားရှိသည့်နေရာကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ- ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ မြောက်ဦးမြိုနယ်၊ ရမ်းချောင်းအနီးသို့ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးခဲ့ကြသော စစ်သုံ့ပန်းမိသားစုဝင်များ။




