28.2 C
Yangon

ကောလင်းတွင် စစ်တပ်က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများဖြစ်ပွားနေပြီး လေယာဉ်၊ အသေခံဒရုန်းများဖြင့် ကျေးရွာများကို ဗုံးကျဲနေ၊ ခင်ဦးတွင်လည်း စစ်တပ်က ကျေးရွာများကို Gyrocopter ဖြင့် ဗုံးကျဲနေ၍ ပြည်သူများ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများဖြစ်ပွားနေပြီး လေယာဉ်၊ အသေခံဒရုန်းများဖြင့် ကျေးရွာများကို ဗုံးကျဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ပြီး ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချဥ်ပြစ်ခုံကျေးရွာ စျေးကို သေနတ်များပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထိုမှ တဆင့် စစ်ကြောင်းသည် တောင်မော်ကျေးရွာတွင် ယာယီအထိုင်ချ တပ်စွဲထားပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင်လည်း တံတားဦးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ကောလင်းမြို့နယ် အရှေ့ခြမ်းကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး အသေခံဒရုန်းများဖြင့်လည်း ဝက်စားကုန်းရွာ အနီးရှိ ဆီခြံများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီလ ၂၀ ရက်နေ့တွင်လည်း ဝန်းသိုမြို့ ခမရ ၁၁၁ နှင့် ၁၂၀ တပ်ရင်းတို့မှ အင်အား ၂၀၀ ခန့်ပါသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည်လည်း ကောလင်းမြို့နယ် အတွင်း စစ်အင်အားဖြည့်တင်းရန် စစ်ကူများ ပို့ဆောင်နေကြောင်း သိရသည်။

“ဇန်နဝါရီလ ၁၆ ရက်နေ့က ကောလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ခွေးတွေက ချဥ်ပြစ်ခုံကျေးရွာစျေးကို သေနတ်တွေ ပစ်ဖောက်ပြီး ဝင်ရောက်စီးနင်းတယ်။ အဲကနေ တဆင့် တောင်မော်ကျေးရွာမှာ ယာယီအထိုင်ပြုလုပ်နေတာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း ထိတွေ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။ နောက်ပြီး ဂျက်ဖိုက်တာ၊ အသေခံဒရုန်းတွေနဲ့လည်း ဗုံးကျဲနေလို့ ပြည်သူတွေ ထိခိုက်မှုရှိပါတယ်။ မြေပြင်မှာ တိုက်ပွဲတွေလည်းဖြစ်နေတော့ ထိခိုက်မှုအရေအတွက်ကို အတည် မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ယောက်သွားအိုင်ရွာအနီးကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ရွာအနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter များဖြင့်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter နဲ့ ဗုံးကျဲသွားတာလို့ သိရတယ်။ ပြည်သူတွေ ထိခိုက်မှုရှိတယ်။ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article