28.2 C
Yangon

ICJ တရားရုံးတွင် ရိုဟင်ဂျာများအပေါ် ကျူးလွန်ထားသော ရာဇဝတ်မှုများအတွက် အရေးယူမခံရရေးနှင့် လွတ်မြောက်ရေး မြန်မာစစ်တပ်က ကြိုးပမ်းနေဟု ဦးကျော်မိုးထွန်း သတိပေး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁

အပြည်ပြည်ဆိုင်ရာ တရားရုံး-ICJ တရားရုံးတွင် ရိုဟင်ဂျာများအပေါ် ကျူး လွန်ထားသော ရာဇဝတ်မှုများအတွက် အရေးယူမခံရရေး မြန်မာစစ်တပ်က ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးလိုက်သည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သော ကုလသမဂ္ဂ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ ဝတ်မှုများ ကာကွယ်ရေးနှင့် အပြစ်ပေးရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သ ဘော တူစာချုပ်ပေါ်ပေါက်လာရေးအတွက် အကြိုပြင်ဆင်ရေးကော်မ တီ၏ ပထမ အကြိမ်ညီလာခံတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဂမ်ဘီယာနှင့် မြန်မာနိုင်ငံအကြား အပြည်ပြည်ဆိုင်ရာ တရားရုံးရှေ့ မှောက် ၌ ရင်ဆိုင်လျက်ရှိသည့် အမှုသည် အဆိုပါအခြေအနေကို လှစ်ဟပြသနေသည့် သာဓကကောင်းတစ်ခုဖြစ်ကြောင်း၊ ထိုကဲ့သို့သော အပြည်ပြည်ဆိုင်ရာ စာချုပ်တစ်ရပ် မရှိခြင်းကို အခွင့်ကောင်းယူ၍ အကြမ်းဖက်စစ်အုပ်စုက ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများမှ အရေးယူ မခံရရေးအတွက် လွတ်မြောက်ခွင့်ရရန် ကြိုးပမ်းနေကြောင်း ၎င်းက သတိပေးသည်။

အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲဖြင့် လူသားမျိုးနွယ်အပေါ် ကျူး လွန်ထားသော ရာဇဝတ်မှုများနှင့် အပြစ်များကို ဖုံးကွယ်ရှောင် လွှဲ၍ မရနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုသလမဂ္ဂအစည်းအဝေးတွင် ပြောဆိုလိုက်သည်။

လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို တရားဝင်မှုမရှိသည့် လွတ်လပ်မှုနှင့် တရားမျှတမှု ကင်းမဲ့သော ရွေးကောက်ပွဲအတုများဖြင့် ဖုံးကွယ်၍မရနိုင်၊ စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲဖြင့် ၎င်းတို့၏ ရာဇဝတ်မှုများကို ဖုံးဖိရန် မည်သို့ပင် ကြိုးပမ်းစေကာမူ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ၎င်းတို့ အပြစ်များကို ရှောင်လွှဲ၍ရနိုင်မည် မဟုတ်ပါကြောင်း သံအမတ်ကြီးက ဆက်လက်ပြောဆိုသည်။

ကြီးလေးသော အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုများအတွက် လူတစ်ဦးချင်းစီက တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဆိုသည့် နူရင်ဘတ်အခြေခံမူသဘော တရားများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဆိုင် ရာ အပြည်ပြည်ဆိုင်ရာဥပဒေကို ပိုမိုခိုင်မာစေရေး ကြိုးပမ်းမှုများတွင် ယနေ့တိုင် အထောက်အကူဖြစ်စေလျက်ရှိကြောင်း၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကာကွယ်ရေးနှင့် အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်တစ်ရပ် ရေးဆွဲရေးသည် အပြည်ပြည်ဆိုင်ရာဥပဒေမူဘောင်ကို ပိုမိုခိုင်မာအားကောင်းစေရန် မရှိမဖြစ် လိုအပ်သော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု မြန်မာနိုင်ငံက ရှုမြင်ကြောင်း ၎င်းက ဆိုသည်။

စစ်အုပ်စုက ရိုဟင်ဂျာများ အပေါ်တွင်သာမက မြန်မာပြည်သူ ပြည်သားများ အားလုံးအပေါ် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုများ ကို ဆက်လက်ကျူးလွန်လျက်ရှိကြောင်း၊ လက်ရှိဥပဒေကြမ်းတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို ကျူးလွန်သည်ဟု သံသယရှိသူများ အဖွဲ့ဝင်နိုင်ငံများ၏ နယ်နိမိတ်အတွင်းသို့ ရောက်ရှိလာသည့် အခြေအနေ၌ အရေးယူဆောင် ရွက်နိုင်သည့် အစီအမံများ ထည့်သွင်းထားခြင်းအပေါ် ကြိုဆိုကြောင်း၊ ဥပ‌ဒေပြင်ဆင်ရေးကော်မတီ၏ ဆောင်ရွက်ချက်များအနေဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကြောင့် ထိခိုက်ခံစားရသူများအတွက် လက်တွေအသုံးတည့်လာနိုင်မည့် အခြေအနေများအပေါ် မြန်မာနိုင်ငံအနေဖြင့် မှတ်သားကျေးဇူးတင်ရှိကြောင်း သူက ဆိုသည်။

ICJ တရားရုံးတွင် ယခု ဇန်နဝါရီလအတွင်း တရားလို ဂမ်ဘီယာနိုင်ငံနှင့် တရားပြိုင် မြန်မာစစ်တပ်တို့အကြား ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ နှစ်ဖက် ကြားနာစစ်ဆေး လျှောက်လဲမှုများကို လုပ်ဆောင်လျက်ရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article